စစ်ကိုင်းတိုင်း၊ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရဲကင်းစခန်းကို ဒေသတွင်းPDF ပူးပေါင်းတပ်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် များစွာသေဆုံးပြီး ထွက်ပြေးသူလည်း များကြောင်း သိရသည်။
နိုဝင်ဘာ ၃ ရက်၊ နံနက် ၇ နာရီခန့်က စစ်သား၊ရဲနှင့်ပျူစောထီး စုစုပေါင်းအင်အား ၅၀ ခန့်ရှိ သဖန်းဆိပ်ဆည်ရဲကင်းစခန်း(ဆင်စွယ်စခန်း)ကို PDFပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး မြေပြင်၌ အထိနာသဖြင့် စစ်ကောင်စီတပ်က Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်းဖြင့် လေကြောင်း ပစ် ကူပေးရသည့်အပြင် ကန့်ဘလူမြို့ တင့်ကားတပ်ရင်းနှင့် GTC ကျောင်းဝန်းမှ လက်နက်ကြီးဖြင့် ၁၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြနေသည့် infinity Group ထံက သိရသည်။
ယင်းတိုက်ပွဲသည် နံနက် ၇ နာရီခန့်မှ မွန်းလွဲ ၂ နာရီခန့်အထိ ဖြစ်ပွားခဲ့ပြီး PDF ရဲဘော် ၈ ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။
“ရဲဘော် ၈ ဦး က ရန်သူ့စနိုက်ဘာထိပြီး ကျတဲ့သူလည်းရှိတယ်။ စစ်တပ်ဘက်က လက်နက်အင်အားသာပြီး ကျည်စိတ်ကြိုက်သုံးနိုင်ပေမဲ့ မြေပြင်မှာ PDF တွေကို သူတင် ကိုယ်တင် ဘယ်လိုမှ မတိုက်နိုင်ဘူးဆိုတာ အခုတိုက်ပွဲက သက်သေပဲ။ပြီးတော့ ယုံကြည်ချက်လည်း မရှိတော့ ရှုံးပြီးဆို ပြေးကြတာပဲ”ဟု ဒေသခံ PDF ရဲဘော်တစ်ဦးကပြောသည်။
စခန်းသိမ်းနိုင်ရန် သဖန်းဆိပ်ဆည်ရဲကင်းစခန်းရှိ စနိုက်ဘာဘန်ကာတစ်ခုသာ ကျန်တော့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်ဟု infinity Group ကဖော်ပြသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီး ကျည်ထိမှန်ကာ ဆင်စွယ်ရွာရှိ ပြည်သူ့နေအိမ်တစ်လုံး မီးလောင် ပျက်စီးသွားကြောင်း သိရသည်။
” စစ်တပ်ဘက်က လေယာဉ်တွေ ၊ဟောင်၀စ်ဇာတွေနဲ့ပစ်တာကြောင့်မလို့ ပြည်သူတစ်ဦး ထိသွားတယ်လို့လည်း ကြားရသေးတယ်။ အခုလောလောဆယ်မှာတော့ ဒီအခြေအနေကို အသေးစိတ်မသိရသေးပါဘူး။ ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်လက်စုံစမ်းနေဆဲပါ “ ဟု infinity Group မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်အုပ်စုဝင်တို့၏ သေဆုံး၊ဒဏ်ရာရ စာရင်းအတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်း ကပြောသည်။
နို၀င်ဘာ ၃ ရက်နေ့ တွင် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ရဲကင်းစခန်းအပါအဝင် စစ်ကိုင်းတိုင်း နှင့် မ ကွေးတိုင်းမှ စစ်ကောင်စီအထိုင်စခန်း ၁၃ ခုကို အမှတ်(၁)စစ်ဒေသလက်အောက်ရှိ PDF ပူးပေါင်းတပ်များက တစ်ပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။