PDF လက်ထဲ မြိုင်မြို့ မကျစေရေးအတွက် စစ်သားအင်အား ၁၀၀ကျော် စစ်ကူပို့လိုက်ကြောင်းသိရသည်။
နိုဝင်ဘာ ၃ ရက်နေ့ ညပိုင်းတွင် ပခုက္ကူအခြေစိုက် တပ်မ – ၁၀၁ မှနေ၍ မကွေးတိုင်း၊ မြိုင်မြို့ပေါ်သို့ စစ်ကား၄စီးဖြင့် စစ်သား ၁၀၀ ခန့်ရောက်လာကာ လုံခြုံရေးတိုးမြှင့် ထားကြောင်း မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦး ကပြောသည်။
“မြိုင်ကို ပေးရမှာ ကြောက်လို့ထင်တယ်။ပခုက္ကူကနေ စစ်ကူတွေလွှတ်နေတယ်။ရဲစခန်းနဲ့ထွေအုပ်ရုံးကိုပို့ထားတယ်။စစ်ကား ၄ စီးနဲ့ တပ်ရင်း ၁ ရင်းစာ ၁၀၀ လောက်ရှိတယ်။ပျူရွာတွေကိုတော့ ခုထိမပို့သေးဘူး”ဟု ၎င်းကပြောသည်။
၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသောအားဖြင့် မြိုင်မြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များအားနိုဝင်ဘာ ၂ ရက် တွင် မြိုင် တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်း ဖြင့် ဗုံးအလုံး ၁၀၀ခန့် ကြဲချပြီးနောက် ယင်းသို့ စစ်ကူရောက်လာခြင်းဖြစ်သည်။
မြိုင်နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့များစွာအခြေစိုက်ကာ ကျေးရွာအများစုကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်သောကြောင့် မြိုင် မြို့ပေါ်အထိ PDF များ ထိန်းချုပ်လာမည်ကို စစ်ကောင်စီတပ်က စိုးရိမ်နေကြောင်းလည်း ၎င်းကဆိုသည်။
“မြိုင်မြို့ပေါ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်နိုင်ဖို့ သိပ်နီးစပ်တာ။မြို့ပေါ်နဲ့ပျူရွာလောက်သာ ကျန်တော့တာ”ဟု PDFရဲဘော်တစ်ဦး ကပြောသည်။
မြိုင်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများထိန်းချုပ်ထားသော ကျေးရွာများကို စစ်ကြောင်းထိုးမည်ဆိုသည့် သတင်းလည်းထွက်ပေါ်နေကြောင်း သိရသည်။
နိုဝင်ဘာ၂ ရက်၊နံနက် ၇ နာရီခွဲခန့်က မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်ရာ ထွေအုပ်ရုံး၊ အမှတ်-၂ အလယ်တန်းကျောင်း၊ အ.ထ.က- ၂ ၊ မြို့မရဲစခန်း၊ ကိုးဆောင်ဂိတ်၊ မန္တလေးအထွက်ဂိတ်နှင့် ပခုက္ကူအထွက်ဂိတ်တို့ကို PDF ပူးပေါင်းတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။