ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ စစ်ရုံးတစ်ရုံးကို ယနေ့နံနက်ပိုင်းတွင် KNLA ပူးပေါင်းတပ်က ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ရာ စစ်သား ၁၁ဦးသေဆုံးကြောင်း Lion Battalion ဗျုဟာ စစ်ကြောင်းထံက သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ၂ရက်၊ နံနက် ၅နာရီ ၁၅မိနစ်ခန့်က ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ခလရ စစ်ရုံးတစ်ရုံးကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNLA ပူးပေါင်းတပ်ထဲတွင် ပါဝင်သော Lion Battalion ဗျုဟာ စစ်ကြောင်းမှ တာဝန်ရှိသူ ရဲဘော် ဂျီဖတ်ကပြောသည်။
“ ၂ရက်နေ့ မနက်ပွဲက ၅နာရီ ၁၅မိနစ်မှာစတယ်။မနက် ၆နာရီလောက်မှာ ကြာအင်းဆိပ်ကြီးက ခလရစစ်ရုံးတစ်ခုကို ရတယ်။အဲ့ပွဲမှာ စစ်တပ်ဘက်က ၁၁ယောက်ကျတယ်။ကျွန်တော်တို့ဘက်က ကျဆုံးသူမရှိခဲ့ဘူး။အဲ့ခလရရုံး တစ်ခုကိုတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။အဲ့ကနေ လက်နက်ခဲယမ်းတချို့လည်း ရရှိခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
သိမ်းပိုက်မီးရှို့ခဲ့သည် ခလရစစ်ရုံး တည်နေရာကိုမူ ရဲဘော်ဂျီဖတ်က ထုတ်ဖော်ပြောကြားခြင်းမရှိပေ။
ယင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်က အထိနာခဲ့သဖြင့် နိုဝင်ဘာလ ၂ရက်နေ့ နံနက် ၉နာရီခွဲခန့်တွင် တိုက်လေယာဉ် ၄ စင်းဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာ နေရာတစ်နေရာသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNLAစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ ကျွန်တော်တို့ KNLAပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၄ဦး ထိခိုက်ဒဏ်ရာရသွားတယ်။အခုလက်ရှိ တိုက်ပွဲအခြေအနေကတော့ ငြိမ်သက်နေပါတယ်” ဟု ၎င်းကယနေ့ညနေ ၅နာရီခန့်တွင် ပြောသည်။
နိုဝင်ဘာ ၂ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း၊လဝကရုံး၊သစ်တောရုံးနှင့် လျှပ်စစ်ရုံးတို့ကို KNLAပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း မီးရှို့ခဲ့သေးသည်။
လက်ရှိတွင် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဘဲ ခေတ္တငြိမ်သက်နေကြောင်း MPAက စုံစမ်းသိရသည်။
နိုဝင်ဘာလ ၂ရက်နေ့ ကြာအင်းဆိပ်ကြီးတိုက်ပွဲအတွင်း စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြု နိုင်ပေ။