မကွေးတိုင်း ၊ မြိုင်မြို့နယ် ကန်နီပျုရွာသို့ PDF ပူးပေါင်းတပ်ဖွဲ့များမှ နိုဝင်ဘာ ၂ရက် မနက် ၄နာရီခွဲခန့်က စစ်ကြောင်း သုံးကြောင်းခွဲကာ၊ ပျုရွာမျှော်စင်ဘန်ကာသုံးခုကို အဓိကထား၍ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့မှုကြောင့် စစ်သား ၈ ဦးသေဆုံးပြီး၊ ၁၈ ဦးဒဏ်ရာရရှိခဲ့ကာ၊ ပျူစောထီး ၂ဦးအား အရှင်ဖမ်းဆီးရမိခဲ့ ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။
“ မနက်၄နာရီခွဲလောက်ထဲက ရွာအခြေထိကပ်သွားတာ၊ ပူးပေါင်းအဖွဲ့တွေအကုန် နေရာယူပြီး အဆင်သင့်ဖြစ်တာနဲ့ ကျတော်တို့ဘက်မှာ RPG က နှစ်လက်ပါတော့ ဟိုဘက်ဒီဘက် ပစ်ပြီးဝင်တာ ။ ကျတော်တို့ဘက်က စလွှတ်တာနဲ့ သူတို့က တန်းပြီး ကောင်တာပြန်လာတယ်။ အဲ့ဒီမှာတင် တိုက်ပွဲစဖြစ်တော့တာပဲ” ဟု Pakokku Special Task Force မှ ရဲဘော်ပုဂံကြီးက MPA သို့ ပြောသည် ။
တိုက်ပွဲသည် အချိန် ၁နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး၊ စစ်သား ၈ ဦးသေဆုံး၍ ၁၅ဦး ဒဏ်ရာရကာ ၊ ပျု ၂ ဦးအား အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ၊ ပျုရွာစပ်ရှိ နေအိမ်၃လုံးအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည် ။
“ ကျတော်တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တပြိုင်တည်းတိုက်ခိုက်တာဆိုတော့ သေဆုံးတာရော ၊ ဒဏ်ရာရတာရောက နှစ်ခုလုံးကြောင့်လို့ပြောလို့ရတယ်။ ပျု ၂ဦးကတော့ တိုက်ပွဲအတွင်းမှာဘဲ ကျတော်တို့ဘက်ကို ကျွံလာတာဗျ၊ တိုက်ပွဲစထဲက ဒရုန်းတင်ထားတာဆိုတော့ သူတို့လှုပ်ရှားမှုကို အကုန်မြင်နေရတယ်” ဟု ၎င်းကပြောသည် ။
ဖမ်းဆီးရမိထားသော ပျုနှစ်ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး ၊ ယခု တိုက်ခိုက် မှုကို ပြုလုပ်ရန် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရကြောင်း၊ မြိုင်ပကဖ သတင်းပြန်ကြားတာဝန်ခံ ကိုသုတက ပြော သည်။
“ ဖမ်းဆီးထားတဲ့ပျုနှစ်ဦးကိုတော့ စစ်ဆေးမေးမြန်းမှု့တွေ ပြုလုပ်နေတုန်းပါ၊ ဘာတွေသိရပြီလဲဆိုတာကိုတော့ အပေါ်ကနေ သတင်းပြန်ကြားစီကို အချက်အလက်တွေ မလွှဲသေးတော့ ဘာမှမသိရသေးဘူးဗျ၊ ကျတော်တို့ ဟိုးအရင်ထဲက ဒီပျုရွာကို သွားတိုက်ချင်ခဲ့တာ ကြာပြီ၊ အခုမှဘဲ မဟာမိတ်အဖွဲ့တွေ စုပြီး သွားတိုက်ကြတာဗျ” ဟု ၎င်းကပြောသည် ။
တိုက်ပွဲတွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော်တစ်ဦး ကျည်ဆံရှပ်ထိ ၊ နောက်တစ်ဦးမှာ စစ်ကောင်စီဘက်က ပစ်လိုက်သည် ၄၀မမ ဗုံးသီးထိမှန်ခဲ့သော်လည်း မကွဲသောကြောင့် အသက်အန္တရာယ်မှ လွတ်မြောက်ခဲ့ကာ၊ ကျန်တစ်ဦးမှာ RPG ကန်အားကြောင့် အနည်းငယ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ကျတော်တို့ဘက်က သေချာပြင်ဆင်ပြီး သွားတိုက်ခိုက်တယ်ဆိုပေမဲ့ သူတို့ဘက်က ဘန်ကာတွေ ၊ ကတုတ်ကျင်း တွေနဲ့ သေချာကာထားတယ်ဗျာ၊ တစ်နာရီခွဲလောက် တိုက်ခိုက်ပြီးတော့ ကျည်အင်အားနည်းလာတာနဲ့ ပြန်ဆုတ်လာခဲ့ ရတာဗျ” ဟု ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ မှ သတင်းပြန်ကြားတာဝန်ခံက ပြောသည် ။
အထက်ပါတိုက်ပွဲကို နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့( မြိုင် ပကဖ ရင်း၃ ) ၊ ဒေါင်းသွေးနီပြောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံ ၂၇/ တပ်ရင်း၁ ၊ King Cobra ၊ ဒေါင်းညီနောင် ၊ ညီနောင်သုံးဖော် / YSO ၊ ဒေါင်းစစ်သည် ၊ ပခုက္ကူခရိုင်ရင်း၁၆ခွဲ၃ ၊ ပခုက္ကူခရိုင် ရင်း-၁၄/၁၅ ၊ Urban Underground Revolution UURF.YSO ၊ Pakokku Special Task Force ၊ Royal Seven (Myaing) ၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG တို့ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။