၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံသောအားဖြင့် မြိုင်မြို့ပေါ်ရှိ စစ်ရေးပစ်မှတ်များအား ဒရုန်း ဖြင့် ဗုံးအလုံး ၁၀၀ခန့် ကြဲချခဲ့ကြောင်း ANyar Region Strategic and Military Command ထံက သိရသည်။
မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ စစ်ကောင်စီတပ် အခြေစိုက်ရာ ထွေအုပ်ရုံး၊ အမှတ်-၂ အလယ်တန်းကျောင်း၊ အ.ထ.က- ၂၊ မြို့မရဲစခန်း၊ ကိုးဆောင်ဂိတ်၊ မန္တလေးအထွက်ဂိတ်နှင့် ပခုက္ကူအထွက်ဂိတ်တို့ကို နိုဝင်ဘာ ၂ရက်၊ နံနက် ၇နာရီခွဲခန့်က ဗုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ထိခိုက်အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်းသိရသည်။
“ အဓိကက ထွေအုပ်ကို အချများတာ။ အဲ့နေရာချည်းပဲကို အလုံး ၄၀ လောက်သွားချတာ။ လက်နက်ကြီးတွေကို ဗြောင်းဆန်နေအောင်ပြန်န်ပစ်တယ်။ ထိခိုက်ဒဏ်ရာရတာတွေကတော့ ဆေးရုံမှာ ပလုံစီနေတာပဲ။ ” ANyar Region Strategic and Military Command၊ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် Eagle Brigade အဖွဲ့ကလည်း ဗုံးသီး ၂၂ လုံးကြဲချခဲ့ပြီး ရဲစခန်း၊ ထွေအုပ်ရုံးနှင့် ပျူစောထီးတဦး မင်္ဂလာဆောင်နေသော ခန်းမတွင်းသို့ တည့်တည့် ဗုံး ကျရောက် ပေါက်ကွဲခဲ့ကာ မဟာမိတ်တပ်ဖွဲ့များကလည်း လက်နက်ကြီးပစ်ကူပေးကြောင်း Eagle Brigadeအဖွဲ့ခေါင်းဆောင် ရဲဘော်လီယိုကပြောသည်။
“ ကျနော်တို့လုပ်တဲ့ဟာက ရဲစခန်းနဲ့ ထွေအုပ်ရုံးကို တစ်ဝက်စီချတာ။ ရဲစခန်းထဲလည်းကျတယ်။ ထွေအုပ်ရုံးထဲကို တည့်တည့်ကြီးဝင်သွားတယ်ကြားတယ်။ နောက်ပြီး ပျူဒလန်အကြီးစား ခန်းမထဲမှာ မင်္ဂလာဆောင်နေတာရှိတယ်။ အဲ့ထဲကိုလည်း တည့်တည့်ကြီးသွားကျတယ်။ ပွဲမှာ ဖရိုဖရဲဖြစ်သွားတယ်ကြားတယ်။ မင်္ဂလာပွဲလာတဲ့ ဧည့်သည်တွေထိ၊မထိတော့မသိဘူး” ဟု ၎င်းကပြောသည်။
ဗုံးသီးများသည် ထွေအုပ်ရုံးနှင့် ထွေအုပ်ရုံးမြောက်ဘက်ရှိ ရုံးများသို့ကျကာ တိုက်ခိုက်ခံနေရစဉ်အတွင်း သေနတ်သံနှင့် လက်နက်ကြီးပစ်သံများလည်း ကြားရကြောင်း မြိုင်မြို့ထဲရှိ စစ်တပ်က ပြည်သူများကို အိမ်အပြင်သို့ ထွက်ခွင့်မပေးသဖြင့် ယနေ့(နိုဝင်ဘာ၃ရက်)ထိတိုင် အိမ်အပြင်မထွက်ရသေးကြောင်း မြိုင်မြို့ပေါ်နေ ပြည်သူတဦးက ယနေ့မွန်းလွဲ ၁နာရီခွဲကျော်၌ပြောသည်။
” အများကြီးပဲ လာချသွားတာ။ ထိခိုက်မှုရှိ၊မရှိတော့ မသိရဘူး။ ပစ်တာခတ်တာတွေပဲ ကြားရတယ်။ အိမ်ထဲက အိမ်ပြင်လည်းမထွက်ရဘူးပြောတယ်။ ခုကျနော်တို့ အပြင်ထွက်ချင်တာတောင် လုံးဝအထွက်မခံဘူး” ဟု ၎င်းကပြောသည်။
မြိုင်မြို့ပေါ်ရှိ စစ်သားများကို ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပို့ဆောင်မည်ဟု သတင်းထွက်ပေါ်နေခြင်း နှင့် ယခုကဲ့သို့ ဗုံးအများအပြားကြဲချခဲ့ခြင်းကြောင့် စစ်သားများ ထိတ်လန့်နေကြကြောင်း မြိုင်မြို့တွင်း သတင်းရင်းမြစ်ထံက သိရသည်ဟု မြိုင်ပကဖ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ရဲဘော်သုတကပြောသည်။
” သူတို့အနေနဲ့က ငြိမ်တဲ့နေရာ တည်ငြိမ်အေးချမ်းတဲ့နေရာမရှိတော့ သူတို့အနေနဲ့ တော်တော်လေးကို တုန်လှုပ်နေတာပေါ့။ ထွက်ပြေးရမလိုလို ဘာလိုလို အကျပ်ရိုက်နေတာရှိမယ်လို့ ခန့်မှန်းမိတယ်” ဟု ၎င်းကပြောသည်။
ယင်းသို့တိုက်ခိုက်ခံရပြီးနောက် မြိုင်မြို့ထဲတွင်ကင်းပတ်ခြင်း၊ ပခုက္ကူတပ်မ – ၁၀၁မှ ကား ၄ စီးဖြင့် စစ်သားအင်အားတိုးခြင်းတို့ ပြုလုပ်လာကြောင်း သိရသည်။