မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖော်ဆောင်နေသည့် ” ၁၀၂၇ စစ်ဆင်ရေး “ ၌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ပူးပေါင်းပါဝင်ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးက ယနေ့(နိုဝင်ဘာ ၃ရက်)ထုတ်ပြန်ထားသည်။
“ ၁၀၂၇ စစ်ဆင်ရေး” တွင် ပူးပေါင်းပါဝင်ပြီး စခန်းသိမ်းတိုက်ပွဲများတွင် ပူးပေါင်း တိုက်ခိုက်လျှက်ရှိကြောင်း၊စစ်ရေး မဟာမိတ်အရပါဝင်ခြင်းဖြစ်သည်ဟု KNDF စစ်ရေးချုပ် ခူရီဒူး မှ MPA သို့ ပြောသည်။
“ ပြောနိုင်တာတစ်ခုက စစ်ရေး မဟာမိတ်အရပါဝင်နေတယ် လို့ပဲ ကျွန်တော်တို့ ပြောနိုင်ဦးမယ်” ဟု KNDF စစ်ရေးချုပ် ခူရီဒူးက ဆိုသည်။
ယနေ့ (နိုဝင်ဘာ ၃ ရက်) တွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ 1027 စစ်ဆင်ရေးအား ထောက်ခံကြိုဆိုပြီး၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်းအမှတ် (၆၀၆) အနေဖြင့်လည်း၊ စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျှက်ရှိကြောင်း၊ စစ်ရေးရည်မှန်းချက်များ အောင်မြင်သည်ထိ ပူးပေါင်း တိုက်ပွဲဝင်သွားမည်ဖြစ်သည် ဟု ထုတ်ပြန်ထားသည်။
အလားတူ ယနေ့ (အောက်တိုဘာ ၃ ရက်) မနက်ပိုင်းမှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ မော်လိုက်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး၊ ချပ်သင်း၊ ခမ်းပါတ်၊ ဝိတုတ် အစရှိသည့် မြို့များရှိ စစ်ကောင်စီ တပ်စခန်နှင့် ရဲစခန်းများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။
“ ဒီနေ့ မနက်ပိုင်းမှာဘဲ စစ်ကိုင်းအတွင်းမှာရှိတဲ့ နယ်မြေအများစုက တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စခန်းတွေသိမ်း နိုင်နေပြီ၊ အိမ်ပြန်ဖို့ ရောင်နီလာပြီဗျ” ဟု စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကိုင်းတိုင်းအတွင်းရှိ တိုက်ပွဲများ၌လည်း ၁၀၂၇ စစ်ဆင်ရေးအနေဖြင့် ရက္ခိုင့်တပ်တော် (AA) မှလည်း ပူးပေါင်းပါဝင်လျက်ရှိသည် ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရတ်တစ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ပြီး၊ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် စခန်းသိမ်းတိုက်ပွဲများ ဆက်လက်ဖော်ဆောင်လျက်ရှိသည်။