စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မရဲစခန်းနှင့်ထွေအုပ်ရုံးတို့ကို တော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက် ထိန်းချုပ်ထားကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ၃ရက်) နံနက် ၁ နာရီခန့်မှစတင်၍ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ပူးပေါင်းပြီး ကောလင်းမြို့တွင်းသို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ကာ ဌာနဆိုင်ရာရုံးတချို့ကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
” ရဲစခန်းတစ်ခုကိုတော့ ဝင်စီးထားပြီးပြီ။ ထွေအုပ်ရုံကိုလည်း သိမ်းပြီးပြီ။နောက် အကျဥ်းသားတချို့ကိုလည်း ကယ်ထုတ်နေဆဲပဲ” ဟု Kawlin Revolution မှတာဝန်ရှိသူတစ်ဦးက ယနေ့မွန်းလွဲ၁နာရီခန့်တွင် MPA သို့ ပြောသည်။
ကောလင်းမြို့တွင်း၌ စစ်သားများအထိနာနေသဖြင့် ယနေ့နံနက်၈နာရီခန့်တွင် Mi 35 ဖြင့် ၂ကြိမ်နှင့် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လေကြောင်းမှပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
” ဂျက်ဖိုက်တာ ၂ စီး၊ Mi 35 ၁ စီးနဲ့ လာပစ်နေတာ။လက်နက်ကြီးသံတွေနဲ့ ဆူညံနေတာပဲ။ဝန်းသို အထိုင်ကလည်း လက်နက်ကြီးနဲ့ ပစ်နေတာ အခုထိပဲ” ဟု ကောလင်းမြို့ခံ စစ်ရှောင်တစ်ဦးက ပြောသည်။
ကောလင်းမြို့တွင်း၌ ပိတ်မိနေသောပြည်သူများအနေနှင့် နေအိမ်အတွင်းတွင်သာ နေထိုင်ကြရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ရန် ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မေတ္တာရပ်ခံကြောင်း Kawlin Revolutionက ထုတ်ပြန်ထားသည်။
” လက်ရှိကတော့ ကောလင်းမြို့တွင်းမှာ ပိတ်မိနေတာရှိတယ်။တချို့ ထွက်လာနိုင်ခဲ့ပြီ။ တိမ်းရှောင်လာတဲ့ ပြည်သူတွေကို ကောလင်းမြို့နယ်၊ ပကဖ၊ ပအဖ၊ ပလဖ တို့က ပူးပေါင်းစောင့်ရှောက်ပေးလျက်ရှိနေပါတယ်” ဟု Kawlin Revolution မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
လိုအပ်ပါကကောလင်းမြို့နယ်တော်လှန်ရေးအင်အားစု တို့ ပူးပေါင်းကာပြည်သူများကိုဘေးကင်းရာ ရွေးပေးနိုင်ရန်စီစဥ်လျက်ရှိနေကြောင်းလည်း Kawlin Revolution ကထုတ်ပြန်ထားသည်။