စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် တမူးမြို့ကြားရှိ စစ်ကောင်စီစခန်းများကို ဒေသကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ယနေ့နံနက်အစောပိုင်း တွင် တပြိုင်တည်းဝင်ရောက်တိုက်ခိုက်နေပြီး စခန်းအချို့သိမ်းပိုက် ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
ကလေး-တမူးကြားရှိ ခမ်းပတ်မြို့မရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက်၊ နံနက် ၄ နာရီခွဲဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၈ နာရီအချိန်ခန့်တွင် စခန်းသိမ်းနိုင်ခဲ့ သည်ဟုသိရသည်။
“ခမ်းပတ်ရဲစခန်းရပြီ။ ရှင်းနေတုန်း၊ စစ်တပ်စခန်းကုန်းကျန်သေးတယ် တိုက်ပွဲကမပြီးသေးဘူး။ အသေးစိတ်ပြောလို့မရသေးဘူး” ဟု တိုက်ပွဲတွင်းဒေသကာကွယ်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
ခမ်းပါတ်ရဲစခန်းအပါအဝင် ဝိတုတ်စစ်ကောင်စီစခန်းကိုလည်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တပြိုင်နက်တည်းသိမ်းပိုက်ရရှိခဲ့ပြီး ကလေးမြို့နယ်၊ ရာဇဂြိုဟ်စခန်းကုန်းနှင့် တမူးမြို့တို့တွင်လည်း တိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီစခန်းများ၏ အနီးတွင်ရှိသော အမှတ် ၁ ရပ်ကွက်နှင့် ၂ ရပ်ကွက်က ဒေ သခံပြည်သူများမှာ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီး အမှတ် ၃ ရပ်ကွက်နှင့် ၄ ရပ်ကွက်အတွင်းက ပြည်သူများမှာလည်း ပိတ်မိနေကြောင်း မြို့ခံများကဆိုသည်။
“စခန်းသိမ်းပြီးလက်နက်ချခိုင်းတာ မချလို့ပြန်ဆော်နေကြတယ်။ ပြည်သူအထိအခိုက်တော့မရှိသေးဘူး။ ရာဇဂြိုလ်ဘက်ကလည်း ဆော်နေတော့ ဘယ်မှပြေးလို့မရဘူး။ ပိတ်မိနေတဲ့သူတွေလည်းရှိတယ်” ဟု ခမ်းပတ်မြို့တွင်နေထိုင်သည့် ပြည်သူတစ်ဦးက MPAသို့ပြောသည်။
ယင်းအပြင် ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကလေး-ဂန့်ဂေါကြား စစ်ကောင်စီအထိုင်ချထားသည့် ရန်ကြီးအောင်စခန်း နှင့် ကမ္ဘာနီတို့တွင်လည်းကောင်း၊ ကလေးမြို့အနောက်ဘက် ချင်းပြည်နယ်၊ သိုင်းငင်းစခန်းတို့တွင် လည်း တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ကနဦးစုံစမ်းသိရှိရသည်။