ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ မန်တုံမြို့ နှင့် နောင်ချိုမြို့ရှိ စစ်တပ်စခန်း ၄ခုအား TNLA က ထပ်မံသိမ်းပိုက် ခဲ့ပြီးနောက် စစ်ကောင်စီသည် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် နမ့်ခမ်းမြို့သို့ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာ ၃ရက်)၊ မနက်အစောပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့သည့် စစ်ကောင်စီတပ်စခန်းလေးခုကို သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
TNLA တပ်ဖွဲ့ ၊ တပ်မဟာ (၁)သည် နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်း၊ မန်တုံမြို့ရှိ စစ်ကောင်စီ ရဲစခန်း၊ မန်တုံမြို့ရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် စခန်းနှင့် နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ ကွန်ခါတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ဟုတ်တယ်။ ကျတော်တို့ ရွှေလီကြိုးတံတာမှာ သိမ်းနိုင်ခဲ့ပြီ၊ ဒီမနက်လည်း စစ်ကောင်စီက လေယာဉ်နဲ့ ၅ ကြိမ် လောက်လာတိုက်တယ်။ ရွှေလီကြိုးတံတာမှာ တစ်လုံးကျတယ်။ အခု ကင်းထောက်လေယာဉ် လာဝဲနေပြီ” မြေပြင် စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
ရွှေလီကြိုးတံတားရှိ စစ်ကောင်စီစခန်းအား သိမ်းပိုက်ခဲ့မှုတွင် စစ်ကောင်စီထံမှ သေနတ်(၄)လက်၊ 60MM ဗုံးသီး(၃၀)လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး(၅၀)လုံး၊ ကျည်ဆံများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
“မနက် ၅ နာရီကတည်းက စစ်ကောင်စီက လက်နက်ကြီးတွေပစ်နေတာ၊ ခုဏကလည်းလေယာဉ်နဲ့လာပစ်တယ်။ အိမ်ပြင်တောင်မထွက်ရဲဘူး။ မြို့ထဲ ဗုံးကြဲနေတယ်။ ကွန်းလုံရွာက အမျိုးသမီးတစ်ဦးတော့ လက်နက်ကြီးထိတယ်လို့ ကြားတယ်” နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်ရှိ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောသည်။
နမ့်ခမ်းမြို့ ရွှေလီကြိုးတံတားအနီးတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သော်လည်း၊ စစ်ကောင်စီသည် တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသည့် နေရာများသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပါပြုလုပ်နေကြောင်း၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
နမ့်ခမ်းမြို့အတွင်း တိုက်ပွဲများပြင်းထန်နေသောကြောင့် ဒေသခံများအနေဖြင့် လုံခြုံစိတ်ချရသည့်နေရာတွင် နေထိုင်ကြရန် ညီနောင်မဟာမိတ်သုံးဖွဲ့က တိုက်တွန်းထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်တွင်လည်း၊ နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့အကြားတိုက်ပွဲပြင်း ထန်စွာဖြစ်ပွားမှုကြောင့် သာကုန်းရပ်ကွက်ရှိ ကလေးငယ် ၂ ဦး သေဆုံးပြီး၊ ၁ ဦးဒဏ်ရာရရှိခဲ့သည်။