စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးရှိညောင်ပင်သာရွာ စစ်ကောင်စီစခန်းကို ဒေသခံ PDFများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ဦး ခန့်သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၁ ရက်၊ ညနေ ၃ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် မုံရွာ-အမြင့်လမ်းပိုင်း ညောင်ပင်သာရွာက အင်အား ၃၅ ဦးခန့်ရှိ စစ်ကောင်စီတပ် အထိုင်စခန်းကို PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး စစ်ကူများရောက်လာပြီးနောက် နေအိမ် ၇ လုံးအား မီးရှို့သွားကြောင်း Monywa The Boys အဖွဲ့ထံက သိရသည်။
“ RPG-7 အရင်ပစ်တာ။ဘန်ကာကိုထိတယ်။ အဲ့မှာ သေကြတယ်။ပစ်တာခတ်တာတွေနဲ့ဆို ၁၅ ယောက်သေတယ်။စစ်ကူရောက်လာပြီး လူနေအိမ် ၇ လုံးနဲ့ သေတဲ့စစ်သားတွေကို မီးရှို့သွားတယ်” ဟု Monywa The Boys အဖွဲ့ တာဝန်ရှိသူ ဦးမှန်ကပြောသည်။
စစ်ကူများရောက်ရှိလာချိန်တွင် PDF တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ကြရာ အထိအခိုက်မရှိကြောင်းလည်းသိရသည်။
“ ကျနော်တို့က စစ်ကြောင်း ၄ ကြောင်းနဲ့ တိုက်တာ။သူတို့အခြေအနေမကောင်းတော့ စစ်ကူခေါ်လိုက်တာ။ချက်ချင်းရောက်လာတယ်။ဒဏ်ရာရသူတွေကိုတော့ ပြန်သယ်သွားမယ်ထင်တယ်။မုံရွာမြို့ပေါ်ကို” ဟု မုံရွာခရိုင်အမှတ်(၄)တပ်ရင်း (Chindwin Attack Force) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်(၄)တပ်ရင်း (Chindwin Attack Force) ၊မုံရွာခရိုင် တပ်ရင်း (၄)၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊မုံရွာခရိုင်တပ်ရင်း(၄)တပ်ခွဲ (၁) Spring Dove PDF၊မုံရွာခရိုင်တပ်ရင်း(၄)တပ်ခွဲ (၃) Monywa Nightking PDF၊မုံရွာခရိုင်တပ်ရင်း (၁၃)၊Monywa Special ဒိတ်ဒိတ်ကြဲ၊မုံရွာခရိုင်ပကဖ၊5/UG Task Force၊Monywa Commando Force၊Unity Force၊SRDF ကာကွယ်ရေးတပ်ဖွဲ့နှင့်ဒဿ ပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ညောင်ပင်သာရွာစခန်းတွင်ပင် စစ်သားများပြန်လည်တပ်စွဲထား ကြောင်းသိရသည်။
စစ်သားများသေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။