ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများသို့ စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းနှင့် လက်နက်ကြီး အသုံးပြု တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ ၂ဦးသေဆုံးခဲ့ပြီး၊ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရ သည်။
“ ရေလဲ အနောက်ဘက်နဲ့ အရှေ့ဘက်တစ်လျှောက်ကို အောက်တိုဘာ ၃၁ လောက်တည်းက လက်နက်ကြီးပစ်တာ၊ ကျတော်တို့ဘက်တော့ မနေ့ကပစ်တာ၊ လက်နက်ကြီးကို နတ်သံကွင်းတံတားဘက်ကနေ ပစ်တာ၊ ဘယ်လိုချိန်စပြီး ပစ်လဲတော့မသိဘူး။ ရွာထဲကို လက်နက်ကြီးကျလာတာ တရွာလုံးကသူတွေကလည်း လွတ်ရာပြေးရတာ၊ တစ်ချို့က လည်း သူတို့အိမ်တွေကပစ္စည်းတွေ ပြန်ယူ ပုန်းလို့ရမဲ့နေရာတွေမှာပုန်း၊ ပြေးတဲ့သူတွေကပြေးနဲ့ပါ” ဟု မူးမြို့၊ သပြေကုန်းကျေးရွာနေ ပြည်သူတစ်ဦးက MPA ကို ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက် သပြေကုန်းကျေးရွာမှ အသက် ၇၆နှစ်အရွယ် အဘိုးအိုတစ်ဦးသေဆုံးခဲ့ပြီး၊ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ ပြည်သူ ၂၀၀ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ရေလဲရွာ အနောက်ဘက်နှင့် အရှေ့ဘက် ကမ်းတစ်လျောက်နှင့်၊ ဝက်တူး၊ ပျဉ်းမပင်၊ ကင်းမွန်ချုံ၊ သောင်းကြီး၊ ကျီးပေါက်စသည့် ကျေးရွာများသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး၊ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၉နှစ်အရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး၊ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်ဟု မူးမြို့နယ်၊ ပျဉ်းမပင်ရွာရှိ အမျိုးသားတစ်ဦးက ပြောသည်။
“ ပြည်သူတွေကို ပစ်မှတ်ထားပြီး၊ အခုလိုလက်နက်ကြီးတွေနဲ့ ပစ်တာတော့ မကောင်းဘူးပေါ့။ အရင်ကဆိုလက်နက် ကြီးပစ်ရင် စာသင်ကျောင်းတို့ ဘုန်းကြီးကြောင်းတို့မှာ ရှောင်တိမ်းကြတာ၊ အခုတော့မရှောင်ရဲဘူး။ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းမှာ သူတို့က စာသင်ကျောင်းတွေ နဲ့ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားပြီးပစ်လာတော့၊ ကျတော်တို့ လည်း ဘေးလွတ်ရာကိုတိမ်းရှောင်ရတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့ပြီး၊ ငါးဦးဒဏ်ရာရ ရှိခဲ့သည့်အပြင်၊ ကျေးရွာ ၈ရွာမှ ဒေသခံ ၅၄၆၀ ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကာ၊ နေအိမ်အချို့ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။