မန္တလေးတိုင်း၊နောင်ချိုမြို့နယ်အတွင်းရှိ စစ်တပ်ကို TNLAနှင့်ပူးပေါင်းတပ်ဖွဲ့က တနေကုန် ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်၊ရွှေညောင်ပင်ရွာနှင့် အုမ္မသီးရွာကြားတွင် စခန်းချနေသော စစ်ကောင်စီတပ်ကို TNLA ပူးပေါင်းတပ်ဖွဲ့ကယနေ့ (နိုဝင်ဘာ ၂ရက်) နံနက် ၆ နာရီ ခန့်မှစတင် တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီကျော်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း MDY PDF ထံက သိရပြီး ညနေ ၅ နာရီခန့်၌ ထပ်မံ ဆက်သွယ်ခဲ့ရာ တိုက်ပွဲအခြေအနေကို ထပ်မသိရပေ။
“ ကျနော်တို့ဘက်ကစပြီး ထိုးစစ်စတယ်လို့ပြောရင်ရတယ်။ ဒီတိုက်ပွဲမှာတော့ကျနော်တို့ ခဲယမ်းတချို့သိမ်းဆည်းရမိထားတာရှိတယ်။ ရန်သူ့ဘက်ကထိခိုက်ကျဆုံးကိုတော့ လက်ရှိအချိန်ထိ တိုက်ပွဲ ဖြစ်နေတာဆိုတော့ ပြောဖို့ခက်ပါသေးတယ်” ဟု MDY PDF ၊သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်အော်စမွန်က ယနေ့ညနေ ၃နာရီကျော်တွင် ပြောသည်။
နောင်ချိုမြို့နယ်အတွင်း မြေပြင် စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လေကြောင်း အားပြု တိုက်ခိုက်လာကြောင်း သိရသည်။
“ ရန်သူကဘက်က လေကြောင်းပစ်ကူကို တော်တော်လေးသုံးနေတာတွေ့ရပါတယ်။ အရပ်သား ထိခိုက်ဒဏ်ရာရတာတော့ မသိရသေးဘူး။နေအိမ်တချို့ပျက်စီးထားတယ်လို့သိရပါတယ် “ ဟု ၎င်းကပြောသည်။
ပြင်ဦးလွင်မြို့မှ နောင်ချိုဘက်သို့ ဦးတည်ပြီးထွက်ခွာလာသော စစ်ယာဥ်တန်းကို နိုဝင်ဘာ ၁ ရက်၊ ညနေ ၄ နာရီ ၂၇ မိနစ်ခန့် က TNLA နဲ့ MDY PDF ပူးပေါင်းတပ်က အုမ္မသီးရွာနှင့်
အုမ္မခါးကျေးရွာကြား၌ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့အထိ တိုက်ပွဲ ပြင်းထန်နေခြင်းဖြစ်သည်။
အုမ္မသီးရွာနှင့်အုမ္မခါးရွာကြားတိုက်ပွဲတွင် သံချပ်ကာ ကား ၁ စီး ထိမှန်ပျက်စီးခဲ့ပြီး သေနတ် ၆ လက်သိမ်းဆည်းရမိခဲ့သည့်အပြင် ဒဏ်ရာရစစ်သား၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒဏ်ရာဖြင့်ဖမ်းဆီးရမိခဲ့သည့် စစ်သား ၂ ဦးကို ဆေးကုသပေးနေသည်ဟု MDY PDF က သတင်းထုတ်ပြန်ထားသည်။
” အုမ္မခါးဘက်မှာ ရုတ်တရက်တိုက်ပွဲ ဖြစ်သွားတော့ ထွက်ပြေးကြတဲ့သူတွေလည်းရှိတယ်။ မပြေးလိုက်ရဘဲ ပိတ်မိနေသူတွေလည်းရှိတယ်၊ပိတ်မိနေသူတွေ တော်တော်များတယ်။ ရုတ်တရက်တိုက်ပွဲ ဖြစ်သွားတာဆိုတော့ ရွာထဲကျန်နေသူတွေရှိသေးတယ်” ဟု ရွှေညောင်ပင်ကျေးရွာအနီးနေ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက်
အုမ္မသီး၊အုမ္မခါး၊ဆမ္မဆယ်၊သုံးဆယ်၊ရွှေညောင်ပင်နှင့် ရေမောင်းတန်ကျေးရွာများမှဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေရကြောင်း သိရသည်။
ပြင်ဦးလွင်မြို့မှတက်လာသည့် စစ်ကောင်စီယာဥ်တန်း ရှေ့ဆက်တက်နိုင်ခြင်းမရှိဘဲ နောက်ဆုတ်သွားကြောင်းလည်း သိရသည်။