စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြာပိုင်ကျေးရွာသို့ ပျူစောထီးများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ် ၁ဦးအပါအဝင် ပြည်သူ ၇ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(အောက်တိုဘာ ၂၉ရက်)၊ ည ၉နာရီခန့်တွင် မုံရွာ – မန္တလေးအမြန်လမ်းမပေါ်ရှိ တောပုပျူရွာမှ ပျူစောထီး များသည် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့်၊ ကြာပိုင်ကျေးရွာသို့ လက်နက်ကြီး ၂လုံးကျခဲ့ပြီး၊ အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ဦး အပါအဝင် ပြည်သူ ၇ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ဒဏ်ရာရပြည်သူများကို ဆေးကုသရန် သွားရောက်ပို့ဆောင်ပေးခဲ့သူတစ်ဦးက MPA သို့ ပြောသည် ။
” မနေ့ည ၉နာရီကျော်ကျော်လောက်က အိမ်ပေါ်ကိုကျတာ၊ ကျတဲ့အိမ်ကတစ်မိသားစုလုံးထိခိုက်သွားတယ်။ အမျိုးသမီးတစ်ဦးနဲ့ ၈နှစ်အရွယ်ကလေးတစ်ဦးက လက်ပြတ်သွားတယ်။ ကျန်တဲ့မိသားစုသုံးဦးကလည်း အခြား ဒဏ်ရာတွေရတယ်။ ဘေးအိမ်က နှစ်ဦးထိခိုက်တယ်။ အမျိုးသားတစ်ယောက်ဆို အိပ်နေတဲ့အပေါ် ကျတာဆိုတော့ ဦးခေါင်း၊ လက်၊ ခြေထောက်တို့ထိပြီး စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် လယ်တောကျေးရွာသို့ ကျရောက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ တောပုပျူရွာသို့ တိုက်ခိုက်ခဲ့သည့်အတွက် ယခုကဲ့သို့ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ် နိုင်သည်ဟု ဒေသခံတစ်ဦးက သုံးသပ်သည်။
” ကျတော်တို့ မနေ့ညက တောပုပျုရွာတောစပ်က သူတို့ကင်းစောင့်တဲ့နေရာကို သွားပစ်တာ၊ ဒီကောင်တွေ လပြည့်ည ဆိုတော့ မူးရူးသောက်စားနေကြတာ၊ ကျတော်တို့ လက်နက်ကြီး ၁၀လုံးတွဲ ၂ဆိုင်းနဲ့ အလုံး ၂၀ တိုက်ခိုက်ခဲ့ပါတယ် ။ သူတို့ဘက်က ၆၀မမတွေနဲ့ Counter ပြန်ပစ်တော့ ကျနော်တို့ဘက်က လက်နက်ငယ်တွေနဲ့ ပစ်ပြီး၊ ပြန်ဆုတ်လာခဲ့ ရတယ်ဗျ၊ ပျုတွေ အထိအခိုက်တော့ ရှိနိုင်ပေမဲ့ စုံစမ်းနေဆဲပါ” ဟု 71 PDF Monywa အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည် ။
တောပုပျူရွာကို 71 PDF Monywa ၊ YOUTH VIGOR REVLUTION FORCE နှင့် ANYAR DEFENSE FORCE (ADF) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။