စစ်ကိုင်းတိုင်အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၌ Opreation 1027 ရက္ခိုင့်တပ်တော် (AA) က တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ဆင်ရေး ပထမနေ့ဖြစ်သည့် အောက်တိုဘာလ (၂၇) ရက်နေ့၊ မနက် ၈ နာရီခွဲခန့်မှစ၍ ထီးချိုင့်မြို့နယ်ထဲသို့ စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းငါးကြောင်းဖြန့်၍ ဝင်ရောက်လာခဲ့ပြီး၊ မော်ကွန်းတောင် အနောက်ဖက်တောင်ရိုးတစ်လျှောက်၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ စဝင်လာတဲ့ ၂၇ ရက်ကနေစပြီး မော်ကွန်းတောင် တောင်ကြော တစ်လျှောက်မှာ တိုက်ပွဲဖြစ်တာ။ ဒီနေ့ထိလည်း တိုက်ပွဲက ပြင်းထန်နေတုန်းပါပဲ။ ကြားရတာတော့ စစ်ကောင်စီတပ်သားတွေ တပ်ပျက်ပြီး ထွက်ပြေးနေတယ်လို့ သိရတယ်။ AA တွေရဲ့ တိုက်စစ်ဖွင့်မှုကို သူတို့မခံစားနိုင်လို့ ဆုတ်ခွာထွက်ပြေးနေတာလို့ ကြားရတယ်ဗျ” ဟု AA နှင့် နီးစပ်သူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ထိတွေ့တိုက်ပွဲများ၌ မဟာမိတ်တပ်ဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် PDF တပ်ရင်းများလည်း ပူးပေါင်း တိုက်ခိုက်မှုခဲ့ခြင်းဖြစ်ပြီး၊ တိုက်ပွဲအရှိန်မြင့်နေကြောင်းလည်း သိရသည်။
“ ဒီနေ့ နေ့လယ် ၁၁ နာရီလောက်မှာလည်း၊ မော်ကွန်းတောင်တစ်လျှောက်ကို ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးလာကြဲပြီးတော့ MI 35 နဲ့ လာပစ်တာတွေတော့ မြင်တွေ့နေရတယ်ဗျ” ဟု ထီးချိုင့်မြို့နယ် ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အထိနာသဖြင့် ထီးချိုင့်မြို့ ဒိုးပင်ရွာနှင့် ညောင်ပင်သာ ကျေးရွာအတွင်းသို့ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ ဒိုးပင်ရွာကို ဗုံးကြဲတဲ့အချိန်မှာ ပြည်သူတချို့ထိခိုက်ဒဏ်ရာရတာတွေရှိပါတယ်။ သေဆုံးတာတော့ လက်တလော မရှိပါဘူး” ဟု ဒိုးပင်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုအပြင် ရက္ခိုင့်တပ်တော်(AA)အခြေစိုက် လှုပ်ရှားသောနေရာများထဲမှတစ်ခုဖြစ်သည့် ကချင်ပြည်၊ လိုင်ဇာဌာနချုပ် ပတ်ဝန်းကျင်အနီး တိုက်ပွဲများ၌လည်း AAရဲဘော်များသည် မဟာမိတ်များနှင့်အတူ ဟန်ချက်ညီပူးပေါင်းစစ်ဆင် ရေးများကို ဆက်တိုက်ဆင်နွှဲလျက်ရှိကြောင်း၊ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ထားသည်။
Operation 1027 အနေဖြင့် စစ်ဆင်ရေးစတင်သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ ကိုးကန့်၊ ချင်းရွှေဟော်၊ မုံကိုး၊ မန်ယန်၊ ပန်ဆိုင်း၊ သိန္နီ၊ လားရှိုး၊ ဖောင်းဆိုင်မြို့များရှိ စစ်ကောင်စီ၏ တပ်စခန်း ၆၀ ခန့်ကို သိမ်းပိုက်ထားနိုင်ပြီး၊ စစ်ကောင်စီ တပ်မှ သံချပ်ကားနှစ်စီးနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိထားသည်။