ရှမ်းပြည်နယ်၊ မိုးဗြဲမြို့တစ်နေရာတွင် စစ်ကောင်စီတပ် ထောင်ထားသော မိုင်းများကို စုံစမ်းထောက်လှမ်းကာ ရှင်းလင်းခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၃ ရက်တာကာလအတွင်း မိုးဗြဲမြို့ တစ်နေရာတွင် စစ်ကောင်စီတပ် ထောင်ထားသည့် မိုင်းများကို MBPDFနှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ကြကြောင်း အမှတ်(၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ မိုင်းရှင်းရတဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူတွေ မိုင်းနင်းမိမှာစိုးလို့ပါ။ကျွန်တော်တို့က မိုင်းရှိတဲ့နေရာတွေကို သတင်းထောက်လှမ်းရလို့ သိတဲ့အခါ ပေ့ချ်ကနေ ပြည်သူတွေကို မသွားဖို့တားမြစ်ပါတယ်။ကိုယ်တိုင်လည်း ကွင်းဆင်းပြီး မြေပြင်ရှင်းလင်းမှုတွေလုပ်ဆောင်ပါတယ်” ဟု ၎င်းက ပြောသည်။
၃ ရက်တာ မိုင်းရှင်းလင်းမှုကို KNDF၊ KA နှင့် MBPDFတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းအလုံး ၃၀ အား ရှာဖွေရှင်းလင်းနိုင်ခဲ့ကြောင်း KNDFတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ၃ရက်အတွင်း မိုင်းရှင်းလင်းတဲ့အခါ မိုင်း အလုံး ၃၀ တွေ့တယ်ပေါ့။တွေ့တဲ့ မိုင်း ၃၀ စလုံးက နင်းမိုင်းတွေချည်းပဲ။၁၄နင်းမိုင်းနဲ့ ၁၆ နင်းမိုင်း တွေရရှိခဲ့ပါတယ်။နင်းမိုင်း တွေကိုတော့ မိုးဗြဲPDFတပ်ရင်း -၁ က ထိန်းသိမ်းထားတယ်” ဟု ၎င်းက ပြောသည်။
ပြည်သူများအနေနှင့် တော်လှန်ရေးအင်အားစုများက ဖြတ်သန်းသွားလာခြင်းမပြုရန် ကြေညာထားသည့် နေရာများနှင့် စစ်ကောင်စီ တပ်ရင်း၊တပ်ဖွဲ့၊ဂိတ်စခန်းများအနီးသို့ ဖြတ်သန်းသွားလာခြင်းမပြုရန် အမှတ် ၁၀၀၁၊မိုးဗြဲPDFက ထုတ်ပြန်သတိပေးထားသည်။
စစ်ကောင်စီတပ်သည် မိုးဗြဲမြို့တွင်းရှိ ပွဲကုန်း (၂)၊ ပွဲကုန်း (၃)၊ စည်ကား (၁)၊ စည်ကား (၃)၊ ဒုန်းဒူထန်၊ စက်တော်ရာနှင့် စုပေါင်းရပ်ကွက်များထဲသို့ ဝင်ကာ မိုင်းထောင်သွားကြောင်းလည်း MBPDF၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဓိကကတော့ မိုးဗြဲ-နန်းမယ်ခုံ ကတ္တရာလမ်းပေါ့။အဲ့နားတွေမှာ မိုင်းထောင်ထားတာတွေကို သိလို့ သက်ဆိုင်ရာတပ်ဖွဲ့တွေက သတိပေးကြတဲ့အခါ ပြည်သူတွေက လိုက်နာပေးပါ။သတိပေးတဲ့ကြားက သစ်ခုတ်၊ဝါးခုတ်သွားရင်း မိုင်းနင်းမိတဲ့ပြည်သူတွေလည်း ရှိပါတယ်။သူတို့(စစ်ကောင်စီ)ထောင်ထားတဲ့ နင်းမိုင်းတွေက ထိတာနဲ့ အနည်းဆုံး ဘာမှမဖြစ်ဘူးဆိုရင်တောင် ဒုက္ခိတဖြစ်သွားပြီ။ အဲ့ဒါမို့ ပူးပေါင်းဆောင်ရွက်ပေးကြပါ” ဟု၎င်းက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က မိုးဗြဲ-နန်းမယ်ခုံ ကတ္တရာလမ်းကို ထောက်ပို့လမ်းကြောင်းအဖြစ် အဓိကထားအသုံးပြုနေပြီး လမ်းတစ်လျှောက် မိုင်းများထောင်ထားသဖြင့် ပြည်သူများသွားလာခြင်းမပြုရန် MBPDFက သတိပေးထားသည်။