မကွေးတိုင်းအတွင်းရှိ ယောဒေသကို စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ABSDF စစ်ကြောင်း ၃ စစ်ကြောင်းမှူး၊ ရဲဘော်မင်းဌေးကပြောသည်။
ယောဒေသအတွင်းရှိ စစ်ကောင်စီတပ် စခန်းများကို ABSDFနှင့်မဟာမိတ်တပ်ဖွဲ့များက ပိတ်ဆို့ထားရာ စစ်ကောင်စီတပ်အနေဖြင့် ရိက္ခာနှင့် ဆေးဝါး ပြတ်လပ်နေကြောင်းလည်း သိရသည်။
“ယောဒေသမှာ အတော်များများ ရန်သူ့စခန်းတွေကို ထိန်းချုပ်ထားပြီ။သူတို့ထွက်လို့မရအောင်ပိတ်ထားတယ်။အစာရေစာ ကအစ ဆေးဝါးပြတ်လပ်နေတဲ့အခြေအနေတွေရှိတယ်။သူတို့ကို အထွက်ကိုမခံတော့ဘူး။ယောဒေသကိုတော့ တော်တော်လေးကို စိုးမိုးထားနိုင်ခြေရှိတယ်” ဟု ရဲဘော်မင်းဌေးက ပြောသည်။
ယနေ့(အောက်တိုဘာ ၂၅ ရက်) ရဲဘော်မင်းဌေး ပြောကြားခဲ့သည့် စစ်ထွက်မိန့်ခွန်းတွင်လည်း ကျောင်းသားတပ်မတော် အနေဖြင့် ရန်သူကို အနိုင်တိုက်ရန်မှတစ်ပါး အခြားမရှိဟု သဘောထားပြီး တော်လှန်စစ်သည် တရားသောစစ်ဖြစ်၍ မုချ အောင်မြင်ရမည် ဟု ဆို သည်။
“စစ်ကြောင်း- ၃ တစ်ခုတည်း အနေနဲ့ နယ်မြေတွေကို စိုးမိုးထားနိုင်တာတော့မဟုတ်ဘူး။ပူးပေါင်းမဟာမိတ်တွေနဲ့အတူ နယ်မြေတွေကို ထိန်းချုပ်ထားတာပါ။ဒီနှစ်မကုန်ခင်အထိ စစ်ရေးအရှိန်အဟုန် ဘယ်လောက်ထိသွားမယ်ဆိုတာကတော့ ပြောရခက်တယ်။ဒါပေမဲ့ အတတ်နိုင်ဆုံးတော့ အမြန်ဆုံးဖြစ်အောင် ကြိုးစားကြတာပဲပေါ့” ဟု ၎င်းကဆက်လက် ပြောသည်။
ABSDF တွင် သေနင်္ဂဗျူဟာ စစ်ခရီးစဥ်ကြီး ၃ ရပ်ရှိပြီး ခံစစ်ကာလ စစ်ရေး ပထမ အဆင့်၊ ထိုးစစ် ပြင်ဆင်ရေးကာလ ဒုတိယ အဆင့်နှင့် ထိုးစစ်ကာလ တတိယ အဆင့်တို့ဖြင့် စစ်ကောင်စီ ကို မဟာမိတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းတိုက်ခိုက်နေကြောင်းလည်းသိရသည်။
“အစ်ကိုတို့လည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊PDF တွေနဲ့တော့ စစ်ရေးအရ တိုးမြှင့်လုပ်ဆောင်နေပါတယ်” ဟု ABSDF ဗဟိုကော်မတီဝင် ရဲဘော်ကျော်လင်း ကပြောသည်။
စစ်ကောင်စီ ကျင်းပသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားသို့ တက်ရောက်သည့် ABSDF ဒုဥက္ကဌ ရဲဘော်မျိုးဝင်းအပါအဝင် ၃ ဦးကို ခေါင်းဆောင်တာဝန်မှ ရုပ်သိမ်းလိုက်ကြောင်း ABSDF ဗဟိုကော်မတီက အောက်တိုဘာ ၁၆ရက် ၌ ထုတ်ပြန်ထားသေးသည်။