စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ဆက်ကြေးကောက်နေသောစစ်သားများ PDF တို့၏ တိုက်ခိုက်ခြင်းခံရပြီးနောက် အိမ်၂လုံး ကို မီးရှို့သွားကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၂၆ရက်နေ့) နံနက် ၆နာရီ ၄၅မိနစ်ခန့်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ရဲစခန်းနှင့် ထန်းတောရွာကြားတွင် ဆပ်ကြေးကောက်နေသော စစ်သားများကို ယင်းပင်ခရိုင်တပ်ရင်း- ၂၈(ဓားမဆိုင်းတပ်မတော်) က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သေဆုံးစစ်သားများကို လာကောက်သော ညောင်ပင်ကြီးရဲစခန်းမှ စစ်သားများက ထန်းတောရွာမှ နေအိမ် ၂လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
“ စစ်ကြောင်းထိုးတာမဟုတ်ဘူး။ ဓားမဆိုင်းက ဝင်တိုက်တော့ အထိနာပြီး မီးရှို့သွားတာ” ဟု ဆားလင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းသို့ မီးရှို့ခြင်းကြောင့် ထန်းတောကျေးရွာနှင့် အနီးဝန်ကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်များကိုကူညီထောက်ပံ့နေသော အနာဂတ်ရဲ့ကြယ်ပွင့်လေးများအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။
“ ညောင်ပင်ကြီးနားပတ်ပတ်လည်က လန့်ပြီးရှောင်ကြတာ။ စားရေးသောက်ရေးကူညီပေးဖို့တော့ စီစဉ်ထားပါတယ်။ အခုချိန်ထိတော့ ရွာပြန်မကပ်နိုင်သေးဘူး” ဟု ၎င်းက ယနေ့မွန်းလွဲ ၂ နာရီကျော်တွင် ပြောသည်။
ညောင်ပင်ကြီးရဲစခန်းနှင့် ထန်းတောကျေးရွာကြား ဖြတ်သန်းသွားလာနေသော ပြည်သူများကို ဆက်ကြေးကောက်နေသည့် စစ်သား ၆ဦးအား သွားရောက်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိကာ G3 သေနတ်၁ လက်နှင့်ကျည် ၇ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း ယင်းပင်ခရိုင်တပ်ရင်း- ၂၈(ဓားမဆိုင်းတပ်မတော်) မှ ဗိုလ်စွမ်းက ပြောသည်။
“ ညောင်ပင်ကြီးစခန်းနဲ့ ထန်းတောလမ်းထိပ်မှာ သူတို့က မနက်၊ မနက်ဆို ပြည်သူတွေကားတွေကို ပိုက်ဆံလာကောက်တာ။ အဲ့အချိန်မှာ ကိုယ်တို့က သစ်ကွင်းအဟောင်းနားကနေ ဖြတ်တိုက်တာ။ ၁ ယောက်ကတော့ ဒဏ်ရာရမသွားဘူး” ဟု ၎င်းကပြောသည်။
ညောင်ပင်ကြီးရဲစခန်းနှင့် နီးသဖြင့် စခန်းတွင်းမှ လက်နက်ကြီး ပစ်ကူပေးမည်စိုး၍ သေနတ်များကို အကုန် မကောက်နိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဗိုလ်စွမ်းကပြောသည်။
“ တကယ်တန်း သေနတ်တွေ နောက်ထပ် ၃၊ ၄ လက်လောက်ရမှာ။ စခန်းသိမ်းပြီးရွာထဲမီးရှို့ထားတော့ ကွင်းပြင်ကြီးတွေဖြစ်နေတော့ စခန်းထဲကပစ်ရင် ရဲဘော်တွေထိခိုက်ဒဏ်ရာရမှာစိုးလို့ ၅ မိနစ်ပဲအချိန်ပေးတယ်။ သူတို့(စစ်သား)သေဖို့အဓိက လက်နက်ရဖို့အဓိကမဟုတ်ဘူးလို့ပြောထားတယ်။အခု သွားကောက်တာတောင် ပြန်ဆုတ်ခိုင်းခဲ့ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းစစ်သားများသည် ခရီးသည်တင်ကားများကို ကျပ် ၁၀၀၀၀ ဆက်ကြေး ကောက်ယူကာ ဓာတ်ဆီတင်ကားများကို သိန်းနှင့် ချီကောက်ယူေနကြောင်း ၎င်းကပြောသည်။
၂၀၂၃ခုနှစ်၊ဇွန် လ ၉ ရက်နေ့က ညောင်ပင်ကြီးရဲစခန်းကို PDFပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ညောင်ပင်ကြီးရွာအုပ်စုရှိ ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ရာ ယခုအချိန်အထိ နေရပ်မပြန်နိုင်သေးသည့် ပြည်သူများလည်းရှိကြောင်း ဆားလင်းကြီးမြို့နယ်၊ တိုက်နယ်အမှတ်- ၆ မှ ပြန်ကြားရေးတာဝန်ခံ ကိုသူရကပြောသည်။
“ စခန်းသိမ်းခံရပြီးတော့ မီးရှို့ခံလိုက်ရတာ တော်တော်များတယ်။ အခုချိန်ထိ ပြည်သူတော်တော်များကလည်း ကိုယ့်အိမ်ကိုယ် ပြန်မကပ်နိုင်သေးဘူး” ဟု ၎င်းကပြောသည်။
စစ်သားများသေဆုံး၊ ဒဏ်ရာရမှုအပေါ် MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။