မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်း မိုင်းဆွဲခံရပြီး သေဆုံး၊ဒဏ်ရာရသော ပျူစောထီးများကို ကျောက်ကြီးစစ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်းသိရသည်။
စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာ ပင်လယ်ကြီးစစ်ဆေးရေးဂိတ်စခန်းမှ ပျူစောထီးများကို စစ်ကူပို့ရန် ဧပြီ ၆ ရက်နေ့က ဆယ်ဘီးကား ၃ စီးဖြင့် တင်ဆောင်လာစဉ် မန္တလေး-မိုးကုတ်လမ်းပိုင်း၌ ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများကို သပိတ်ကျင်းမြို့နယ်ရှိ ကျောက်ကြီးစစ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြည်ဦးလွင်ခရိုင်-ပကဖ)ထံက သိရသည်။
ဆယ်ဘီးကား ၃ စီးကို စဉ့်ကူးမြို့နယ်၊ကံပျိုကျေးရွာနှင့်ပျဥ်းပင်ကျေးရွာကြားတွင် ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံး၊ဒဏ်ရာရသည့် ပျူစောထီးများသော်လည်း အရေအတွက်အတိအကျကိုမူ အတည်မပြုနိုင် သေးပေ။
“စဥ့်ကူးနယ်တစ်ဝိုက်က ပျူစောထီးတွေကို ပင်လယ်ကြီးစခန်းမှာစုပြီး ၇မိုင်တပ်ကို ပို့မှာဗျ။အဲ့ကနေ ဘယ်ကိုဆက်ပို့မယ်ဆိုတာတော့ သေချာမသိနိုင်ဘူး။ကချင်ပြည်နယ်ဘက်ကိုလို့ထင်တယ်။အဲ့ဒီကား ၃ စီးထဲက ၁ စီးက မိုင်းကွင်းအဖြတ်မှာ ဆွဲချလိုက်တာ။ကားတွေက ခဏတော့ရပ်သွားတယ်။ပြန်ပစ်တာမျိုးမရှိဘူး”ဟု ဗိုလ်လင်းယုန် ကပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် နွယ်ရုံရဲစခန်းမှ စစ်သားများ ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ရမ်းသန်းပစ်ခဲ့ကြောင်းသိရသည်။
မတ်လ ၃၀ ရက်နေ့ကလည်း ထီးချိုင့် မှ မန္တလေးဘက်သို့ ဆင်းလာသော ကျောက်စိမ်းများတင်ဆောင်လာသည့် စစ်ကောင်စီယာဥ်တန်းကို သပိတ်ကျင်းမြို့နယ်အတွင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင်-ပကဖ)နှင့်မဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။