ရန်ကုန် မင်္ဂလာဒုံလေတပ်စခန်းကို ယနေ့ ည ၉ နာရီအချိန်ခန့်တွင် ရှော့တိုက်ဒုံး ဖြင့်အပစ်ခံရပြီး လေယာဥ်ပြေးလမ်းတချို့ပျက်စီးသွားကြောင်းကို လေယာဥ်ကွင်းနှင့် နီးစပ်သူတစ်ဦးက MPA ကိုဆိုသည်။
မင်္ဂလာဒုံလေတပ်ဝန်းနှင့် လေယာဉ်ဆီများသိုလှောင်ထားရှိရာ ဆီသိုလှောင်ကန်များအား ရန်ကုန်မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေးအနေဖြင့် ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မင်္ဂလာဒုံလေတပ် ၅၀၂ ဝန်း၊ လေယာဉ်ဆီသိုလှောင်ကန်များနှင့် လေကြောင်းရုံးချုပ်များကို ထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးမှုနှင့် ထိခိုက်မှု များပြားကြောင်း ရန်ကုန်မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေးမှသိရသည်။
ရန်ကုန် မင်္ဂလာဒုံလေတပ်စခန်းကို ယနေ့ ဧပြီလ ၆ရက် ည၉နာရီကျော်က ရှော့တိုက်ဒုံး ပစ်ခတ် ပေါက်ကွဲသံများကြားခဲ့ရသလို စစ်သေနတ်ပစ်သံများကိုလည်း ကြားရကြောင်းကို ဒေသခံများထံမှ သိရသည်။
“ ပေါက် ကွဲသံတွေ ဆက်တိုက် ကြားရပြီး အခု စစ်ကားတွေ လေတပ်ဘက်ကို အရေးပေါ် အသည်း အသန်း မောင်းသွားတာတယ်၊ ပေါက်ကွဲတုံးကဆို အိမ်တွေပါတုန်တယ်။ ၅လုံး ကွဲ တာ၊ အတွဲလိုက်ပစ် သံတွေလဲကြားရတယ်၊ ၉နာရီ ၁၈မိနစ်မှာ နှစ်ကြိမ်၊ ၉နာရီ ၂၃ မိနစ်နဲ့ ၉နာရီ ၂၄ မိနစ်တွေမှာ အတွဲလိုက် ပေါက်ကွဲတာ” လို့ ဝေဘာဂီရပ်ကွက်နေထိုင်သူတစ်ဦးက MPA ကို ပြောသည်။
ယနေ့ ည ၁၀နာရီ ဝန်းကျင် မြောက်ဥက္ကလာပမြို့နယ်မှ စစ်ကားများ၊ လူနာတင်ယာဥ်များ၊ မီးသတ်ကားများ အရေးပေါ်အသံမဖွင့်ဘဲ ပူးတွဲသွားလာနေပြီး လေယာဉ်ပြေးလမ်းအနီးတွင် မီးလောင်မှုများဖြစ်နေကြောင်းကိုမျက်မြင်သက်သေများက ပြောသည်။
ရန်ကုန်မင်္ဂလာဒုံလေတပ်စခန်း၊ မင်္ဂလာဒုံလေယာဥ်ကွင်း ဝင်ထွက်လမ်းများ၊ လေတပ်စခန်းအနီး လမ်းများ၊ မြောက်ဥက္ကလာနှင့် မင်္ဂလာဒုံ အဝင်အထွက်လမ်းများ၊ မြို့နယ်တွင်းနေရာတော်တော်များများတွင် စစ်ကောင်စီတပ်ဖွဲ့များက ပိတ်ဆို့ စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း နောက်ဆုံးသတင်းရရှိသည်။
ထို့အပြင် မင်္ဂလာဒုံလေဆိပ်ရဲကင်းအား လက်နက်ငယ်ဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်။
မြို့ပြပျောက်ကြားအထူးစစ်ဆင်ရေးများအနေဖြင့် ရန်သူအကြမ်းဖက်စစ်ကောင်စီ၏ အဓိကစစ်ရေးထောက်တိုင်ဖြစ်သည့် လေကြောင်းနှင့်သက်ဆိုင်သည့် ပစ်မှတ်များကို အဓိကထား တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုပစ်မှတ်မှာ မင်္ဂလာဒုံလေတပ်စခန်းနှင့် ဆီသိုလှောင်ကန်များ ဖြစ်သည့်အတွက် အရပ်ဘက်လေဆိပ်အဆောက်အအုံများနှင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် အထူးဂရုပြုဆောင်ရွက်ခဲ့ကြောင်းရန်ကုန်မြို့ပြပျောက်ကြား အထူးစစ်ဆင်ရေးမှ သိရှိရသည်။
မှတ်ချက်။ ။ မြေပြင်အချက်အလက်များကို ထပ်မံဖြည့်စွက်ထားသည်။