မကွေးတိုင်း၊မြိုင်မြို့နယ်ရှိ Wall 2 ရေနံမြေေစခန်းသို့ စစ်ကြောင်းထိုးပြီးပြန်လာသည့် စစ်တပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ဦးနှင့်ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၆ နာရီအချိန်တွင် စစ်သား၊ရဲနှင့်ပျူစောထီး စုပေါင်း အင်အား ၇၀ ခန့်ဖြင့် မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး Well 2 ရေနံမြေစခန်းသို့ ပြန်လာစဥ် ကျွဲတွင်းရွာနှင့်ဝါးရင်းချိုင်ရွာကြားအရောက် မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲ ၂ ဦးနှင့်ပျူစောထီး၂ဦး လည်းဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ ထုတ်ပြန်ထားသည်။
“စစ်ကြောင်းထိုးပြီး Well 2 ကိုအပြန် မိုင်းကွင်းအရောက်မှာ မိုင်း ၅ လုံးဆွဲလိုက်တာ၊ဒီကောင်တွေက အဲ့ဒီအချိန်ဆို ပုံမှန် တာဝန်ချိန်းတယ်။သတင်းရတာနဲ့နယ်မြေအခြေအနေထောက်လှမ်းပြီးလုပ်လိုက်တာပါ။မိုင်းဆွဲလိုက်ချိန် လွင့်ထွက်သွားတာ။ဖရိုဖရဲဖြစ်ပြီး ပြန်ပစ်သေးတယ် ခဏပါပဲ”ဟု မြိုင်(ပကဖ)တပ်ရင်း-၁ မှ တာဝန်ခံဗိုလ်လက်ယာ ကပြောသည်။
မိုင်းဆွဲခံရအပြီးတွင် စစ်သားများက ၁၀ မိနစ် ခန့်ကြာပြန်လည်ပစ်ခတ်ခဲ့ပြီး ထိခိုက်သေဆုံးသည့်သူများကို Well 2 ရေနံမြေစခန်းသို့သယ်ယူသွားကြောင်းသိရသည်။
စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါ စစ်ဆင်ရေးကို မြိုင်(ပကဖ)တပ်ရင်း-၁တပ်ခွဲ(၁)တပ်စိတ်-၄ နှင့်အတူ MUGDFနှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၃၀ ရက်နေ့ကလည်း ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာနှင့်ညောင်ဂျစ်ပင်ရွာကြားတွင် ပြည်သူတို့၏ ကောက်ပဲသီးနှံများကို လုယက်လာသည့် စစ်ကောင်စီယာဥ်တန်းအား မြိုင်(ပကဖ)တပ်ရင်း-၁နှင့်မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။