တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ဒရုန်းတိုက်ခိုက်မှုသုံးကြိမ်ပြုလုပ်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မတ်လ ၂၉ရက်နေ့မှစတင်ကာ ပုလောမြို့ အမှတ် (၁) တံတား စစ်ဆေးရေး ဂိတ်နှင့် ပုလောမြို့မ ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ဒရုန်းတိုက်ခိုက်မှုက မတ်လ ၂၂ရက်နေ့ကတည်းက လုပ်နေတာပါ။ဒီတစ်ပတ်အတွင်းဆို ၃ကြိမ်လုပ်ဆောင်ခဲ့တယ်။ပုလောရဲစခန်းနဲ့ ပုလော အမှတ် ၁ တံတားစစ်ဆေးရဲစခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဘက် က ဗိုလ်အဆင့်ရှိတဲ့သူတစ်ဦး သေတာကို အတိအကျအတည်ပြုနိုင်ခဲ့ပါတယ်” ဟု ၎င်းကပြော သည်။
ပုလောမြို့ အမှတ် (၁) တံတား စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့်တိုက်ခိုက်စဉ် စစ် ဗိုလ်တစ်ဦး ပြင်းစွာဒဏ်ရာရခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁ရက်နေ့က ပုလောမြို့မရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ရဲနှင့်စစ်သား ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းကပြောသည်။
“ပုလောရဲစခန်းကိုတော့ ၁ရက်နေ့ကတိုက်တယ်။ပထမတစ်လုံးက မပေါက်ကွဲသွားလို့ ညနေ ၅နာရီမှာ ထပ်ချတယ်။ရဲနဲ့ စစ်သား ၃ဦး ထိခိုက်ဒဏ်ရာရတယ်။အခုတော့ ခဏငြိမ်ထားပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
စစ်သားနဲ့ရဲတို့ သေဆုံးဒဏ်ရာရခြင်းအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
လက်ရှိတွင် ပုလောမြို့နယ်ရှိ စစ်ကောင်စီတပ်များက ဒေသခံတော်လှန်ရေးအင်အားစုများအား လာရောက်တိုက်ခိုက်ခြင်းမပြုဘဲ အပြစ်မဲ့ပြည်သူများကိုသာ မတရားဖမ်းဆီး နေကြောင်း MPAကစုံစမ်းသိရသည်။