စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်သန်းရွာမှထွက်ခွာလာသော အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းအား မင်းတိုင်ပင်ရွာအနောက်ဘက်တွင် ယင်းမာပင်ခရိုင်တပ်ရင်း-၁၉ (Pale Jokers PDF) မှ ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပွိုင့် ၂ ပွိုင့်ခွဲ၍ ပဒေသာမိုင်း ၈ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ကြောင်သန်းကနေ ငှက်ပျောတောဝင်တာဗျ။ ငှက်ပျောတောကနေမှ မင်းတိုင်ပင်ကိုအဝင် ကျနော်တို့က ပဒေသာမိုင်း ၈ လုံးနဲ့ ပွိုင့်နှစ်ပွိုင့်ခွဲပြီး တိုက်ခိုက်ခဲ့တာ။ မျက်စိရှေ့တင် ၅ ကောင်ထက် မနည်းသေပြီး အများအပြားထိခိုက်ဒဏ်ရာရသွားတယ်”ဟု ယင်းမာပင်ခရိုင်တပ်ရင်း – ၁၉ မှ ထို စစ်ဆင်ရေးအား ဦးဆောင်ခဲ့သည့် တပ်ခွဲမှူး ဗိုလ်နေတိုးက ပြောသည်။
ကြောင်သန်းရွာမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် ဇီးဖြူကုန်းပျူရွာမှ စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့်ပူးပေါင်း၍ မနက်ပိုင်းတွင် ငှက်ပျောတောရွာသို့ဝင်ကာ နေအိမ်များဖောက်ထွင်းပြီး ပစ္စည်းများခိုးယူသယ်ဆောင်၍ မင်းတိုင်ပင်ရွာသို့ ဝင်လာခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ပြီးတော့ ဒီကောင်တွေဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ ဒါပေမဲ့ ကျနော်တို့ရဲဘော်တွေ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ယခုအခါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် မင်းတိုင်ပင်ရွာ၏ အရှေ့ဘက်မှ နှောကန်ရွာအား မီးရှို့ဖျက်ဆီးနေကြောင်း MPA မှ ကနဦး စုံစမ်းသိရှိရသည်။