By MPA 010
အင်းစိန်ထောင်တွင်း ပါဆယ်ပစ္စည်းလက်ခံသည့်နေရာတွင် ဖောက်ခွဲမှုများလုပ်ဆောင်ခဲ့သော Special Task Agency of Burma (STA) အဖွဲ့ကို လစဉ်ထောက်ပံ့ပေးမှု အပြီးတိုင်ရပ်ဆိုင်းလိုက်သည်ဟု ထောက်ပို့ကြိုးကြာများအဖွဲ့အစည်း Fundraising Cranes for U (FCU)က အသိပေးထုတ်ပြန်သည်။
STA အဖွဲ့၏လုပ်ဆောင်ချက် အောင်မြင်ခဲ့သော်လည်း ဖောက်ခွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများနှင့် နိုင်ငံရေး အကျဉ်းသားများအပေါ် ထောင်တွင်းအကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သဖြင့် ယင်းလုပ်ဆောင်ချက်ကို အပြင်းအထန်ကန့်ကွက်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
STA အဖွဲ့၏ အမျှော်အမြင်မရှိမှု၊ ဆက်စပ်မတွေးခေါ်မှုကို ၎င်းတို့အဖွဲ့မှတာဝန်ရှိသူများ သိရှိစေရန်နှင့် ထိုကဲ့သို့သောအမှား မျိုးနှင့် ယခုဖြစ်စဉ်ထက်ပိုမိုဆိုးရွားသောဖြစ်စဉ်များကို အခြားသောအဖွဲ့များ မလုပ်ဆောင်မိစေရန် STA အဖွဲ့ကို လစဉ် ထောက်ပို့မည့်စာရင်းမှ ဖယ်ရှားလိုက်ခြင်းဖြစ်သည်ဟု FCU အဖွဲ့က အသိပေးပြောဆိုသည်။
အောက်တိုဘာ ၁၉ ရက်နေ့ နံနက်ပိုင်းက အင်းစိန်ထောင်ရှိ ပါဆယ်ပစ္စည်းလက်ခံသည့်နေရာနှင့်ထောင်ဘူးဝအနီး ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ခြင်းမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်းနှင့်အင်းစိန်ထောင်မှူးကိုရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း STA အဖွဲ့က ယင်းနေ့ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဗကသဗဟိုကော်မတီဝင်ဟောင်း ကိုဂျိမ်းစ်(ခ) လင်းထက်နိုင်၏မိခင် ဒေါ်ကြီးမြင့်၊ Dark Shadow အဖွဲ့ဝင် ကိုဟိန်းမင်းထွန်း၏မိခင် ဒေါ်သန်းကြွယ်တို့အပါအဝင် အပြစ်မဲ့ပြည်သူ ၁ဝ ဦးခန့် ထိခိုက်သေဆုံးခဲ့ရသည့် အတွက် အလွန်ဝမ်းနည်းမိကြောင်းနှင့် ယင်းလုပ်ရပ်ကိုကန့်ကွက်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်သော မှော်ဘီရင်သွေးတပ်အဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားသည်။
ထို့အပြင် တော်လှန်ရေးအင်အားစုများဖြစ်သည့် Human Right Defenders (HRD)၊ Yangon UG Association(YUA)၊ Yangon Revolution Force-YRF အဖွဲ့တို့ကလည်း STA အဖွဲ့၏လုပ်ဆောင်ချက်ကို ကန့်ကွက်သည့်စာများ ထုတ်ပြန်ခဲ့ပြီး North Dagon Revolution Force အဖွဲ့က တော်လှန်ရေးအဖွဲ့အစည်းများအနေနှင့် ပြည်သူများကိုကာကွယ်ရန်နှင့် အာဏာရူးများကိုချေမှုန်းရန်ဖြစ်သောကြောင့် ပြည်သူများနှင့်မလွတ်ကင်းလျှင် အကြိမ်ကြိမ်စဉ်းစားပြီးမှသာ လုပ်ဆောင်သင့်ကြောင်း အကြံပြုတိုက်တွန်းထားသည်။
အင်းစိန်ထောင်တွင်း ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ အရပ်သားထိခိုက်သေဆုံးမှုများရှိသည့်အတွက် ယင်းဖြစ်စဉ်ကို လုပ်ဆောင်ခဲ့သောမည်သည့်အဖွဲ့အစည်းကိုမဆို တရားဥပဒေနှင့်အညီအရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက လည်း အသိပေးထုတ်ပြန်ထားသည်။
အဆိုပါဖောက်ခွဲမှုဖြစ်စဉ်ကြောင့် ထောင်တွင်းအထူးတရားရုံးစစ်ဆေးမှုများကို ယာယီရပ်နားထားပြီး အင်းစိန်ထောင် အပါအဝင် အချို့သောထောင်များတွင်လည်း ထောင်ဝင်စာပို့ခွင့် အကန့်အသတ်မရှိပိတ်ခံလိုက်ရသည့်အတွက် နိုင်ငံရေး အကျဉ်းသားများ ကျန်းမာရေးနှင့်အစားအသောက်အခက်အခဲဖြစ်လာမည်ကို နိုင်ကျဉ်းမိသားစုများက စိုးရိမ်လျက်ရှိသည်။