By MPA 001
တနင်္သာရီတိုင်း ပလောမြို့နယ်တွင်အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲအတွင်း ဒေသခံသုံးဦးကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြု၍ လက်နက်ကောက်ခိုင်းခဲ့သောကြောင့် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာ ၃ ရက်နေ့က KNDO ဦးဆောင်သော မဟာမိတ်တပ်ပေါင်းစုနှင့် အကြမ်းဖက်စစ်ကောင်စီတို့၏ ထိတွေ့မှုတိုက်ပွဲအပြီးတွင်ယင်းဒေသခံသုံးဦးကို လူသားဒိုင်းအဖြစ် အဓမ္မခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“ ဖြစ်တာက PDF တွေက စစ်တပ်ကားသုံးစီးကို ကဒဲနဲ့ သင်္ဃန်းတောရွာကြားက တံတားလေးနားမှာ တိုက်တာ။အဲ့တာကို တိုင်းဗိုလ် ၁၂ ကထွက်လာတဲ့ စစ်သားတွေက ကြဲရွာနားက လူငယ်သုံးဦးကို သေနတ်ထောက်ပြီးခေါ်သွားတယ်။အိမ်စီးကားနဲ့ပဲ စစ်သားတွေလဲပါသွားတယ်။ဟိုရောက်တော့ PDFနဲ့ပစ်ကြပြီး နှစ်ဦးသေသွားတယ်။တစ်ဦးကတော့ ဆေးရုံမှာ အခုထိပဲ။လက်နက်ကောက်ခိုင်းတယ်ကြားတယ်” ဟု ပုလောမြို့ခံတစ်ဦးက ပြောဆိုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်သုံးစီးကို ကြားဖြတ်တိုက် ခိုက်ခဲ့သည့် KNDOဦးစီးသည့် ပူရိယက္ခ ညီနောင် စစ်ကြောင်းကို MPA က ဆက်သွယ်မေးမြန်းရာ ဟုတ်မှန်ကြောင်း၊တိုက်ပွဲအတွင်းကားတစ်စီးဝင်ရောက်လာကာ တားမြစ်သည်ကို မရပ်ဘဲ တံခါးဖွင့်ဆင်းလာသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။
“ ခွေးတွေက အဲ့လောက်ယုတ်မာမယ်မထင်ဘူး။ပြည်သူကို စစ်သားယောင်ဆောင်ခိုင်းပြီးခေါ်လာတာ။သူတို့ဘက်က ပစ်တော့ ပြန်ပစ်ကြတာပေါ့။ပြည်သူနှစ်ဦးသေခဲ့တဲ့အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။နောက်ပိုင်း တိုက်ပွဲဖြစ်ရင် ပြည်သူတွေအနေနဲ့ ဝေးဝေးရှောင်ပါ။စစ်ခွေးတွေက တွေ့ရာလူကို သူတို့မသေရင်ပြီးရော အသုံးချမှာကို သတိပြုပါ” ဟု KNDO ဦးစီးသည့် ပူရိယက္ခညီနောင် စစ်ကြောင်းမှူး ဗိုလ်ဝေလက ရှင်းပြသည်။
အောက်တိုဘာဘ၃ရက်နေ့က ပုလောမြို့နယ်ရှိ ကဒဲရွာနှင့် သင်္ကန်းတောရွာကြားရှိ ကားလမ်းပိုင်းတစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ဦးကျော်ပါအကြမ်းဖက်စစ်ကောင်စီတပ်နှင့် မွန်းလွဲ ၃နာရီမှ ည ၇နာရီအထိ လေးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့သည်။
ယင်းတိုက်ပွဲသို့ စစ်ကူတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းအား ပုလောအခြေစိုက် အရိပ်ပြောက်ကျားတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ပြီး တပ်ပြန်ဆုတ်သွားခဲ့ကြောင်း MPA က စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ်အသုံးပြုကာ လက်နက်ကောက်ခိုင်းခဲ့ရာမှ သေဆုံးခဲ့ရသူနှစ်ဦးအနက် တစ်ဦးမှာ ပုလောမြို့နယ်ရှိ ကြဲကျေးရွာမှ အသက် ၂၈နှစ်အရွယ် ကိုရန်ကျော်သူဖြစ်ပြီး အောက်တိုဘာ ၃ ရက်နေ့က နေအိမ်မှ ဇရပ်ဆိပ်ဖက်သို့ ကားပြင်ရန်ထွက်သွားရာမှ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း လာ်း MPA က စုံစမ်းသိရပြီး ကျန်နှစ်ဦးကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။