By MPA 009
ကရင်နီပြည်တွင် ယခုလ စက်တင်ဘာ ဒုတိယအပတ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် တပ်သား ၈၅ ဦးခန့် သေဆုံးခဲ့ပြီး အဆိုပါစာရင်းသည် အတည်ပြု၍ရသော အရေအတွက်သာဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရသူလည်း များပြားကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့ကြောင်း KNDF ထံမှ သိရသည်။
စက်တင်ဘာလ ဒုတိယအပတ် တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ KNDF မှ စက်တင်ဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ရာ၌ အကြမ်းဖက်စစ်ကောင်စီတပ်များသည် စက်တင်ဘာလ ဒုတိယအပတ်အတွင်း မိုးဗြဲမြို့သို့ အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါခမီးနှင့် နန်းမယ်ခုံကျေးရွာတို့တွင်လည်း အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဖရူဆိုမြို့အခြေစိုက် တပ်စခန်းများမှ စစ်ယာဥ်တန်း ၂၀ ကျော်ကို ဒီးမော့ဆိုမြို့ဖက်သို့ တပ်အင်အားဖြည့်တင်းခဲ့ကြောင်း KNDF က ပြောသည်။
စက်တင်ဘာ ၈ ရက်မှစ၍ ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ် နယ်စပ်ရှိ ဝါရီဆူဖလှိုင်မှ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF/B03၊ B11၊ Moebye PDF၊ Phekhon PDF၊ KRU နှင့် URF တို့မှ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ အချို့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရ စာရင်းတွေကို ကျွန်တော်တို့ အတည်မပြုနိုင်ခဲ့ဘူး။ အတည်ပြုလို့ရတဲ့ တိုက်ပွဲတိုင်းမှာ ဘယ်နှစ်ယောက်သေတယ်ဆိုတာ ကျွန်တော်တို့ ထုတ်ပြန်ချက်ထဲမှာ ထည့်ထားပါတယ်။ အဲဒါတွေ အကုန်လုံးကို ပြန်တွက်ကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ KNDF ဘက်မှာတော့ အကျအဆုံးမရှိဘူး။ ထိခိုက်ဒဏ်ရာရတာ အနည်းငယ်တော့ ရှိပါတယ် ” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေး တာဝန်ခံက MPA သို့ ပြောသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာနေပြီး ယင်းအခြေအနေကို စောင့်ကြည့်နေရကြောင်း ၄င်းက ဆက်လက်ပြောသည်။
စက်တင်ဘာ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၄) ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အဆမတန် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းဖြင့်လည်း စက်တင်ဘာ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ (၃) ရက်တိုင်တိုင် (၁၅)ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူ့နေအိမ်အလုံး ၁၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရကြောင်း KNDF က ဆိုသည်။
မိုးဗြဲမြို့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အရာရှိများအပါအဝင် တပ်သား (၆၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ငယ် (၁၃) လက်၊ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း KNDF က ထုတ်ပြန်ပြောဆိုထားသည်။
ယင်းအပြင် စက်တင်ဘာ ၈ ရက်နှင့် ၁၃ ရက်တို့တွင် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနှင့် ခြေတော်ရာဘုရားအနီးရှိ သဲတောင်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားပြီး KNDF/B10 နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများအတွင်း ထိခိုက်မှုများကို အတည်ပြုနိုင်ခဲ့ခြင်းမရှိဘဲ စက်တင်ဘာ ၁၁ ရက်၌ ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအနီးတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို KNDF/B05 နှင့် KRU တို့မှ လက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ကင်းဝပ်နေသော စစ်ကောင်စီတပ်သား (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာ ၁၃ ရက်၊ ညနေ ၃ နာရီခန့်တွင် နန်းမယ်ခုံမြို့အနီးရှိ ဆင်မတောင်ပေါ်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF/B07 တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ ၄င်းနေ့တွင်ပင် မိုးဗြဲမြို့သို့ စစ်ကူသွားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဝီသဲကူးကျေရွာအနီးတွင် KNDF/B07 မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်သား ၁၃ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးကျေးရွာနှင့် ဆောင်ဒူရွာသစ်အနီး၌ စစ်ကြောင်း (၃) ကြောင်းဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို KNDF/B06 မှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွေ့တိုက်ပွဲ ၂ နာရီကျော်ကြာဖြစ်ပွားခဲ့ပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ပြောဆိုခဲ့သည်။
ဖရူဆိုမြို့နယ်တွင်လည်း ဒေါညေးခူကျေးရွာအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များကို စက်တင်ဘာလ ၁၁ ရက်၊ မွန်းတည့်အချိန်တွင် ကရင်နီတပ်မတော်(KA)နှင့် KNDF/B04၊ B15 တို့မှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ ၃ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယင်းအပြင် စက်တင်ဘာ ၁၂ ရက်၌ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး တောင်ပေါ်တွင် စခန်းချနေသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNDF/B15 မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်တွင်လည်း စက်တင်ဘာ ၁၂ ရက်၊ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ကယန်းသာယာ စစ်ဆေးရေးဂိတ်အား KNDF/B02၊ B14 နှင့် Loikaw PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့ကြောင်း သိရသည်။