By MPA 003
ကရင်ပြည်နယ်၊ မြဝတီမြို့ ဝေါ်လေကားလမ်းမအနီးတွင်ရှိသော သုံးထပ်ကွေ့အနီးမှ စခန်းကုန်းနေရာတစ်ခုကို ကော်ဘရာတပ်ဖွဲ့ဝင်များက စစ်နည်းဗျူဟာအရ နေရာရွှေ့ပေးခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
သြဂုတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝေါ်လေကားလမ်းမအနီးတွင်ရှိသော သုံးထပ်ကွေ့စခန်းကုန်းနေရာတစ်ခုကို လက်နက်ကြီးအမြောက်အများပစ်ကူခြင်း နှင့် လေယာဉ်ပစ်ကူအမြှောက်အများအသုံးပြုပြီး ထိုနေရာကိုသိမ်းပိုက်ရန်အတွက် ကြိုးစားခဲ့ကြောင်း သိရသည်။
“ တကယ်တော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာရှိတဲ့တောင်ကုန်းက တကယ်ကိုသေးသေးလေးပါ။ အဲဒီတောင်ကုန်းကိုရဖို့ စစ်ကောင်စီတပ်တွေက လေယာဉ်တွေ အမြှောက်တွေစုပြုံပြီးတိုက်ခိုက်ခဲ့တယ်။ တကယ်တော့ အဲဒီနေရာကို ဆုတ်ပေးလိုက်တာမျိုးမဟုတ်ပါဘူး။ ကော်ဘရာစစ်ကြောင်းအနေနဲ့ စစ်နည်းဗျူဟာအရ စခန်းကုန်းတခုကို နေရာရွှေ့ပေးခဲ့တာပါ ။ ” ဟု ကော်ဘရာစစ်ကြောင်းမှပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရ ကိုကိုမှ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ ၊ပေါင်(၅၀၀) ဗုံးများအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ကော်ဘရာတပ်ဖွဲ့ဝင်များမှ စစ်သည်တော်ရဲဘော် ၂ ဦးကျဆုံးသွားပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းထံမှ သိရသည်။
မကြာမီရက်ပိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီ ရတခ တိုင်းမှူးပြောင်းပြီးသည့်နောက်ပိုင်းတွင် ထိုးစစ်များပိုမိုပြင်းထန်လာနိုင်သည်ဟု သုံးသပ်မှုများရှိနေသော်လည်း ကော်ဘရာတပ်ဖွဲ့ဝင်များအနေဖြင့် မြဝတီ−ဝေါ်လေကားလမ်းမတစ်လျှောက်တွင် လုံခြုံရေးဆက်လက်တာဝန်ယူနေဆဲဖြစ်သောကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ချေရှိကြောင်း ကော်ဘရာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိူးသူရကိုကိုကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း စာရင်း အတိအကျကို စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးကြောင်း Cobra Column စစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၊ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း (၃၃) ကြိမ်ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များဘက်မှ (၄၈) ဦး သေဆုံးကာ (၈၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စိစစ်နေဆဲဖြစ်သော ထိခိုက်သေဆုံးမှုများလည်း အများအပြားရှိနေသေးသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်းတွင် စစ်ဆင်ရေးလှုပ်ဆောင်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များမှာ တပ်မ (၁၁)၊ တပ်မ (၂၂)၊ တပ်မ (၄၄) တို့၏လက်အောက်ခံ တပ်ရင်း (၁၇) ရင်း နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၁) ရင်း စုစုပေါင်း တပ်ရင်း (၁၈) ရင်း ရှိပြီး အတည်ပြု၍မရသော တပ်ရင်းများ လည်းရှိနေသေးသည်ဟု KNU က ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်ထဲတွင် ကော့ကရိတ်မြို့နယ် တပ်ရင်း (၁၈) နှင့် တပ်ရင်း (၂၇) နယ်မြေများအတွင်းတွင် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး တပ်ရင်း (၂၇) လက်အောက်ခံ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသော နေရာများသည် တိုက်ပွဲအပြင်းထန်ဆုံးနေရာများဖြစ်သည်။ တိုက်ပွဲပြင်းထန်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များ သေဆုံးဒဏ်ရာရမှုများပြားသောနေရာများဖြစ်သည့် တပ်ရင်း (၁၈) နှင့် တပ်ရင်း (၂၇) နယ်မြေများ အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်များမှ Multiple Launch Rocket System (MLRS) အတွဲလိုက်ပစ်ရော့ကတ်စနစ်၊ လက်နက်ကြီးအမျိုးမျိုး၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်များအသုံးပြုပြီး အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လျက်ရှိသည် ဟု ဖော်ပြထားသည်။
ထပ်မံ၍ ဩဂုတ်လ (၂၀) ရက်နေ့အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်တောင်စီတပ်တို့မှ လေကြောင်းတိုက်ခိုက်မှု (၆) ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအမြောက်အများကျဲချခဲ့သည်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၈) နှင့် တပ်ရင်း (၂၇) တို့ရှိ စစ်သည်တော်များမှာ တစ်စုံတစ်ရာမျှထိခိုက်ခြင်းမရှိသော်လည်း မြေပြင် ရင်ဆိုင်တိုက်ပွဲများအတွင်း စစ်သည်တော် (၂) ဦးမှာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးသွားခဲ့ပြီး (၁၆) ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ရေးသားဖော်ပြထားသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များကို ရင်ဆိုင် တိုက်ခိုက်နေရသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းများမှာ တပ်ရင်း (၁၆)၊ တပ်ရင်း (၁၇)၊ တပ်ရင်း (၁၈)၊ တပ်ရင်း (၂၇)၊ တပ်ရင်း (၂၀၁)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ဗဟိုလုံခြုံရေးတပ်ရင်း (၁) ရင်း နှင့် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း (၆) တို့ဖြစ်ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များကို ရင်ဆိုင်တိုက်ခိုက်နိုင်ရန်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆) ဌာနချုပ်အနေဖြင့် စစ်ကြောင်း (၁) ကြောင်းဖွဲ့စည်းထားပြီး သက်ဆိုင်ရင်တပ်ရင်း များမှလည်း လိုအပ်ချက်များအရ စစ်ကြောင်းများကို ထူထောင်ဖွဲ့စည်းထားပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များကို နေ့တိုင်း ရင်ဆိုင်တိုက်ခိုက်နေကြရသည် ဟု ဖော်ပြပါရှိသည်။
ဆက်လက်ပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေးအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ကြောင့် ပြည်သူ (၁) ဦး ထိမှန်သေဆုံးခဲ့ရပြီး ပြည်သူလူထု (၉၀,၂၉၁) ဦးတို့မှာ မိမိတို့၏ နေရပ်ကိုစွန့်ခွာကာ အသက်ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကာ ဆက်လက်စာရင်းပြုစုနေသော စစ်ဘေးရှောင်ပြည်သူ အရေအတွက်များစွာလည်း ကျန်ရှိနေသေးသည် ဟု KNU ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ သြဂုတ်လ ၂၄ရက်နေ့တွင် ထုတ်ပြန်ထားသည်။