ကရင်ပြည်နယ်၊ မြ၀တီခရိုင် မြ၀တီ_ဝေါ်လေလမ်းရှိ သုံးထပ်ကွေ့ကို အကြမ်းဖက်စစ်ကောင်စီက အင်အားအလွန်အကျွံသုံးကာ ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိအခိုက်အသေအဆုံးများသလို ကော်ဘရာစစ်ကြောင်းမှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကာ ရဲဘော် (၃) ဦး (မစိုးရိမ်ရ ဒဏ်ရာ)၊ တစ်ဦး (စိုးရိမ်ရ) ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ယနေ့ ညပိုင်းကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရသိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့ နံနက် (၉) နာရီခန့်မှစတင်၍ တပ်မ (၄၄) လက်အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခလရ(၂၀၇)၊ ခမရ (၁) တို့မှ လည်းကောင်း၊ လေးကေ့ကော်ဒေသရှိ ခမရ (၁၁၈)၊ ခမရ(၂) တို့သည် စစ်ကူအဖြစ်လည်းကောင်း လက်ရုံးတပ်များဖြစ်သည့် အမြှောက်တပ်ရင်း၊ ဒုံးတပ်ရင်းများ၏ (၆၀)မမ၊ (၈၁) မမ၊ (၁၂၂)မမ ဟောက်ဝစ်ဇာအမြှောက်များ၊ (၈၄)မမ နှင့် MLRS အတွဲလိုက်ပစ်ဒုံးများဖြင့် တရစပ်၊ အပြင်းအထန်ပစ်ခတ်ကာ မြဝတီ-ဝေါ်လေလမ်းမအနီး ကော်ဘရာစစ်ကြောင်း လုံခြုံရေးရယူထားသော နေရာများအား ကျူးကျော်ရန် ကြိုးစားလာခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ခဲ့သည်။
“ တပ်မ၄၄ လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်း (၆) ရင်း၊ လက်ရုံးတပ်ရင်း (၂) ရင်းကိုအသုံးပြုပြီး ကျူးကျော်ဖို့ကြိုးစားခဲ့တာဖြစ်တယ်။ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲအနှစ်ချုပ်ကတော့ ညနေ၄နာရီလောက်မှာ တိုက်ပွဲခဏပြီးသွားပြီးတော့ ကျွန်တော်တို့ကော်ဘရာစစ်ကြောင်းက စစ်သည်တော်တစ်ဦး နိုင်ငံတော်နဲ့ပြည်သူအတွက်ကို အသက်ပေးလှူခဲ့ရတယ်။ ၃ ဦးကတော့ မစိုးရိမ်ဒဏ်ရာရပြီးတော့ စစ်သည်တော်တစ်ဦးကတော့ စိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ် “ ဟု ကော်ဘရာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကို မှ ပြောသည်။
ယနေ့ နံနက် (၁၀) နာရီ ခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်းမှ Yak (130) အမျိုးအစား တိုက်လေယာဉ်လေးစီး၊ တောင်ငူ လေတပ်စခန်းမှ တိုက်လေယာဉ် တစ်စီးတို့ဖြင့် လည်းကောင်း၊ နေ့လယ်(၃) နာရီ ဝန်းကျင်ခန့်တွင် မှော်ဘီလေတပ်စခန်းမှ တိုက်လေယာဉ် (၂) စီး အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှုများအား ကလက်စတာ ဗုံးများ၊ ပေါင် (၅၀၀) ဗုံးများ အမြောက်အမြားအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
တစ်နေ့တာလုံး တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေ (၄) နာရီခန့်တွင် ငြိမ်သက်သွားခဲ့ကာ ကော်ဘရာစစ်သည်တော် (၁) ဦး စစ်အာဏာရှင်စနစ်ပြုတ်ကျရေး နှင့် ပြည်သူ့လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စစ်သည်တော် (၃) ဦး (မစိုးရိမ်ရ ဒဏ်ရာ)၊ တစ်ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်အတိအကျကို စစ်မြေပြင်အခြေအနေအရ အတည်မပြုနိုင်သေးကြောင်း ကော်ဘရာစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ဆိုသည်။