ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေဒေသတလျှောက် ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်သား (၂) ဦးသည် လက်နက် (၃) လက်ဖြင့်အတူ CDM ပြုလုပ်ကာ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) သို့ ပူးပေါင်းဝင်ရောက်လာကြောင်း ပြည်သူ့ပန်းတိုင်၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အကြမ်းဖက်စစ်ကောင်စီ စအရ (၉၀၄) အင်ဂျင်နီယာတပ်မှ တ-၃***** တပ်သား အောင်အောင် နှင့် ခလရ (၂၇၅) ခြေလျင်တပ်မှ တ-၅***** တပ်သား အာကာမင်း တို့ နှစ်ဦးသည် အမ်အေ-၁ (၂) လက်၊ အမ်အေ-၃ (၁) လက်၊ ခဲယမ်းကျည် အမြောက်အများနှင့်အတူ CDM ပြုလုပ်ကာ ပြီးခဲ့သည့် ဇူလိုင်လအတွင်း KNDO သို့ ဆက်သွယ် ပူးပေါင်း ဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” စစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြာခဲ့ပါပြီ။ စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို အသုံးချ ချနင်းနေတယ်။ ပြည်သူတွေကို သတ်ဖြတ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ်ဆိုကတည်းက စစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး။ အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုတွေအတွက် စိုးရိမ်ပူနေရတာတွေ၊ အခွင့်အရေးမသာခဲ့တာတွေ၊ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာကို မသိတာတွေကြောင့် CDM လုပ်ဖို့ နှောင့်နေးခဲ့ရပါတယ်။
အခုလည်း မိသားစုကို စွန့်ပစ်ပြီး ဒီတော်လှန်ရေးကို ပြီးမြောက်အောင် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မယ်လို့ စိတ်ပိုင်းဖြတ်မှုနဲ့ CDM လုပ်ခဲ့တာပါ။ မိသားစုနဲ့ မတွေ့ဆုံခဲ့ရတာလည်း အာဏာမသိမ်းခင်ကတည်းကပါပဲ။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေကို သူတို့ကိုလည်း အသိမပေးဘူး။ ဒါပေမယ့် စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဘယ်လိုမှ လက်မခံနိုင်တော့လို့၊ ဒီလိုမျိုး စေခိုင်းနေတဲ့ စစ်တပ်အကြီးအကဲတွေရဲ့ လက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်ချင်တော့လို့ အခုလိုမျိုး အခက်အခဲများကြားက ရအောင်ချိတ်ဆက်ပြီး CDM ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါတယ် ” လို့ CDM တပ်သားနှစ်ဦးစလုံးက ထုတ်ဖော် ပြောဆိုသည်။
လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား (၂) ဦးအား KNDO မှ နွေးထွေးစွာ ကြိုဆိုခဲ့သလို၊ NUG အစိုးရမှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြင့်ပေးခဲ့ကြောင်း သိရှိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ၎င်းတို့အာဏာကိုယ်ကျိုးအတွက် လက်အောက်ငယ်သားများကို အမျိုးမျိုး ချနင်းအသုံးချနေခြင်း၊ မိသားစုများနှင့် အချိန်ကြာမြင့်စွာ ခွဲခွာပြီး ရှေ့တန်းထွက်နေရခြင်းများနှင့် စစ်ဆင်ရေး အနားမရခြင်းများကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်အတွင်း မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအပေါ် မကျေနပ်မှုများ တိုးပွားလာနေသလို ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးလုပ်နေသည့် စစ်ကောင်စီတပ်များမှ တပ်သားအများအပြားသည် ရှေ့တန်းနေရာများတဆင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ နည်းလမ်းမျိုးစုံနှင့် ဆက်သွယ်ဝင်ရောက် ခိုလှုံမှုများ ပိုမိုများပြားလာလျက် ရှိသည်။
ရှေ့တန်းစစ်မြေပြင်တွင် CDM ပြုလုပ်သွားသည့် စစ်သားများ များပြားလာနေသည့်အတွက် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း သတင်းအမှား ဝါဒဖြန့်နေမှုများ ပြုလုပ်နေကြောင်း ပြည်သူ့ဘက်ကူးပြောင်းလာသည့် CDM စစ်သားများက ပြောဆိုကြသည်။
အောက်ခြေတပ်သားများအား CDM မပြုလုပ်ရဲအောင် စစ်ကောင်စီတပ်အတွင်း မဟုတ်မမှန် သတင်းအမှား ဝါဒဖြန့်မှုများ ပြုလုပ်နေသော်လည်း စစ်ခေါင်းဆောင်အဆင့်ဆင့်၏ ကိုယ်ကျိုးရှာမှုများ၊ တပ်တွင်း မညီမျှမှုများ၊ အထက်အောက် ဖိနှိပ်မှုများကြောင့် စစ်ကောင်စီတပ်အား စွန့်ခွာကာ ရှေ့တန်းစစ်မြေပြင်ထံမှ EROs၊ PDFs များထံ ခိုလှုံဝင်ရောက်မှုများ အဆက်မပြတ် ရှိလာနေသလို NUG နှင့် တော်လှန်ရေးတပ်ဖွဲ့များ ကလည်း ပြည်သူ့ဘက်ကူပြောင်းလာသည့် CDM စစ်သားများအား ကောင်းမွန်စွာ ကြိုဆို ထားရှိပြီး၊ လက်နက်ဖြင့်ဝင်ရောက်လာသူများအား ဂုဏ်ပြုငွေများ ချီးမြင့်ပေးကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/PeopleGoal သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း CDM ပြုလုပ်လာသည့် တပ်မတော်သားများအား ကူညီထောက်ပံ့လိုပါက ပြည်သူ့ပန်းတိုင်အဖွဲ့ ၏ Facebook page messenger (သို့) www.peoplesoldiers.org သို့ဆက်သွယ်၍ ကူညီထောက်ပံ့နိုင်ပါကြောင်း သတင်းထုတ်ပြန်ထားသည်။