By MPA 003
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကော့ကရိတ် မြို့အဝင် ကြာပန်းအဝိုင်းလမ်းတစ်ခုသာ ဖွင့်ထားကြောင်းဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေ ၃ နာရီချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့ အဝင်အထွက်လမ်းများ အားလုံးကို ပိတ်ထားပြီး ကားသွားလာခွင့်မရှိကြောင်းနှင့် ဆိုင်ကယ်တစ်စီးစာမျှသာ သွားလာနိုင်သော လမ်းကျဉ်းလေးကိုသာ ဖွင့်ထားကြောင်း သိရသည်။
“ မြို့ရှောင်လမ်းတစ်လျှောက်ကနေ မြို့ထဲဝင်မယ့် လမ်းခြောက်ပေါက်စလုံး ပိတ်ထားတယ်။ ဆိုင်ကယ်နဲ့ တော့ ပိတ်ထားတဲ့လမ်းကိုဝင်လို့ရတယ်။ မောင်းဝင်လို့တော့မရဘူး။ ဆိုင်ကယ်တွန်းပြီးမှ ဝင်ရတယ်။ ပိတ် ထားတဲ့ဟာတွေကလည်း အလွယ်တကူဖယ်လို့မရဘူးလေ ” ဟု ကော့ကရိတ်မြို့နယ်ရှိ ဒေသခံတစ်ဦး ကပြောသည်။
ညပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်အစုံ လူအင်အား ၃၀ ကျော်ဖြင့် ကမိုင်ကုန်းထိပ်တွင် အသင့်အနေထားဖြင့် သွားရောက်စောင့်ကြပ်ခဲ့ကြောင်းလည်း သိရသည်။
ယနေ့နံနက်ပိုင်းတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားအများအပြားဖြင့် ထိုမြို့ဝင် ဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေသေးကြောင်းနှင့် ဆိုင်ကယ်မောင်းနှင်လာသော ပြည်သူများ၏ ဖုန်းများ နှင့် ဆိုင်ကယ်ဘောက်များကိုလည်း စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။
“ အစစ်အဆေးကတော့ ရှောင်တခင်ပဲရှိတယ်။ လုံခြုံရေးအင်အားကတော့ နေရာအနှံ့ရှိတယ်။ မြို့ထဲက လူတွေလည်းကြောက်နေတယ်။ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာမသိသေးဘူးလေ။ အထုပ်ပဲထုပ်ထားရမလား ပြေးပဲပုန်းရမလား ဘာလုပ်ရမှန်းလည်းမသိတော့ဘူး ” ဟုကော့ကရိတ်ဒေသခံတစ်ဦးကပြောသည်။
သြဂုတ်လ ၁၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့နယ်အတွင်း အော်ဟစ်ဆဲဆိုကာ သေနတ်များကိုမိုးပေါ်ထောင်ပစ်ခဲ့ပြီး ညပိုင်းတွင် ဧည့်စာရင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထိုဧည့်စာရင်းလိုက်လံစစ်ဆေးနေချိန်တွင် မှတ်ပုံတင်မပြနိုင်သော နေ့စားအလုပ်သမားတစ်ဦးကို ဖမ်းဆီးသွားကြောင်းနှင့် မြို့ပြင်မှပြန်လာသော လူငယ်နှစ်ဦးကိုလည်း ထပ်မံဖမ်းဆီးသွားကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၁၅ ရက်နေ့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၅ ဦးသေဆုံးပြီး ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်ထံမှ သိရသည်။