By MPA 003
မုံရွာမှ မန္တလေးသို့သွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းများကို People’s Defence Force – South Monywa ပူးပေါင်းတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ရေးသားထားသည်။
ယနေ့ နံနက် ၄ နာရီချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကားကြီး ၁၁ စီးဖြင့် စစ်ကြောင်းရွေ့လျားလာသည်ကို ဂွေးပင်တောရွာနှင့် ဘိုးမင်းကြီးကင်းကြားအရောက်တွင် အသင့်စောင့်နေသော PDF – South – Monywa ပူးပေါင်းတပ်ဖွဲ့ဝင်များက ပဒေသာမိုင်း ၇ လုံးဖြင့် ၄စီးမြောက်နှင့် ၅ စီးမြောက်ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ စစ်ခွေးတွေက မိုင်းဆွဲခံထိတော့ ကားကိုခဏရပ်လိုက်တယ်။ ပြီးတော့ သူတို့လူတွေရဲ့ အလောင်း တွေကောက်ပြီး တန်းပြေးသွားကြတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ် ” ဟု PDF South Monywa တပ်ဖွဲ့ဝင် Daung Karyan ကပြောသည်။
ယခုလို မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ ၁၅ ဦးထက် မနည်း သေဆုံးသွားခဲ့ကြောင်းနှင့် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။
“မနက်ခင်း ပွိုင့်ဆွဲတဲ့နေရာကိုသွားကြည့်တော့ သွေးကွက်တွေကို မြင်မကောင်းဘူးဗျာ။ အတွင်းသတင်းအရ မျက်မြင်တွေ့ရှိသူတွေ ပြောကြားချက်အရတော့ စစ်ခွေးတွေ တော်တော်အထိနာသွားတယ်လို့ ကြားတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ထိုထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်မှာ အကြိမ်ရေ ပေါင်းများစွာရှိပြီးဖြစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပတ်သက်သည့် အရာများကိုလည်း ထပ်မံတိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း PDF South Monywaမှ ထည့်သွင်းကြေညာထားသည်။