By MPA 003
မွန်ပြည်နယ်၊ ကေအဲန်ယူ တပ်မဟာ (၁) နယ်မြေ၊ ဘီးလင်းမြို့၊ ဝင်းတာပန်ကျေးရွာရှိ ပြည်သူများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့စစ်ကြောင်းထိုးမည့်နေရာ မရောက်မချင်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။
“ စစ်ကြောင်းသွားတိုင်း ရွာသားတွေကို စခတွေက လမ်းပြဖို့လိုလို၊ ပေါ်တာလိုလို၊ ဓားစားခံလိုလို ခေါ်သွားတယ်။ သူတို့စစ်ကြောင်းလမ်းတစ်လျှောက်က ရွာတွေအများကြီးဆိုတော့ လမ်းမှာတွေ့တဲ့သူ တွေကို ဖမ်းခေါ်သွားတယ်။ သူတို့အတွက်ကာဗာအနေနဲ့ပေါ့ဗျာ ” ဟု သထုံခရိုင် PDF တပ်ရင်း ၂ မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ၎င်းတို့စစ်ကြောင်းထိုးလာချိန် ပစ်ခတ်မှုများပြုလုပ်ခဲ့ပါက နီးစပ်ရာကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား သတ်ပစ်မည်ဖြစ်ကြောင်း ထုံးဘိုလေးကျေးရွာ ဒေသခံများကို ဝင်းတာပန်စစ်ကောင်စီ စခန်းမှူးမှ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း KNUသထုံခရိုင်မှ သတင်းထုတ်ပြန်ထားသည်။
ယခုနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် မကြာခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ကားလမ်းကိုအသုံးမပြုတော့ဘဲ ခြေလျင်ဖြင့်သာ လှုပ်ရှားသွားလာမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ ထုံးဘိုလေးရွာမှာ သူတို့စစ်ကြောင်းထိုးလာတော့ ငါတို့စစ်ကြောင်းကိုပစ်ရင် နင်တို့တစ်ရွာလုံးကို မီးရှို့ပစ်မယ်ဆိုပြီး ရွာသားတွေကိုပြောတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယခုရက်ပိုင်းတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းခွဲထွက်ပြီး လူအင်အားဖြည့် တင်းမှုများ လုပ်ဆောင်နေသောကြောင့် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်လည်း ထိတွေ့ပစ် ခတ်မှုများ ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်ဇွန်လ ၂၅ ရက်နေ့တွင် ထုံးဘိုလေးကျေးရွာအနီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများ၏နေအိမ်များ ၊ စာသင်ကျောင်း နှင့် ဘုန်းကြီးကျောင်းပါမကျန် မီးရှို့ဖျက်ဆီးသွားခဲ့သည်။