ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၊ ဝေါလေမြိုင်ဒေသရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဥကရစ်ထစစ်ကောင်စီစခန်းကို KNDOနှင့် ပူးပေါင်းတပ်ဖွဲ့မှ ယနေ့ နံနက်ပိုင်း၌ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပြင်းထန်နေဆဲ ဖြစ်ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက MPAကို ပြောသည်။
“အကုန်လုံးတော့ မသိမ်းနိုင်သေးဘူး။ တိုက်ပွဲပြင်းထန်နေတယ်၊ စကစက လေကြောင်းနဲ့ပါ ပစ်ကူနေတယ်၊ ကျွန်တော်တို့ဘက်ကလည်း အခု နေ့လယ်မှာ တပ်ကူတွေ ရောက်လာပြီ။ သူတို့ဘက်ကလည်း သေဆုံးသူများတယ်။ ကျွန်တော်တို့ဘက်ကတော့ RPGသမား နှစ်ယောက်ကျသွားတယ်၊၊ အသေးစိတ်ပြောလို့ မရသေးဘူး၊၊ အကုန်လုံးရအောင်သိမ်းမှာပါ ” ဟု ဆင်ဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
မွန်းလွဲ ၁နာရီ ၃၀မိနစ်ခန့်တွင် စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေသည့် ဝေါလေမြိုင်အနီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များ လှည့်ပြန်သွားခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ပုသိမ်အခြေစိုက် လေတပ်မှလည်း မွန်းလွဲ ၂နာရီခန့်တွင် တိုက်လေယာဉ်များ ထပ်မံပျံသန်းသွားသည်ကို ဒေသခံများမှ MPAကို သတင်းပေးပို့ထားသည်။
“မနက်ပိုင်းက သိမ်းပိုက်လိုက်တာက စခန်းလေး၊ အခုက စခန်းကြီးကို ထပ်ပြီးတော့ သိမ်းနေတာ၊ တိုက်ပွဲက မပြီးသေးဘူး၊ ပြင်းထန်နေဆဲပဲ”ဟု ရှေ့တန်းစစ်မျက်နှာရောက် ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက MPAကိုပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အသေးစိတ်အခြေအနေနှင့် ပက်သက်ပြီး MPA အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။