ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရပ်ကွက်ရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးရှိ တပ်ဖွဲ့ဝင်အားလုံးကို ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းက ရက္ခိုင့်တပ်တော် ( AA )တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
ထိုအကြမ်းဖက်တပ်ဖွဲ့ဝင်များ ညောင်ပင်ဈေးရပ်ကွက်ရှိ ထမင်းဆိုင်တွင်ထမင်းစားနေစဉ် အေအေတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ခံများက ဆိုသည်။
” မနေ့ကညနေက သူတို့ထမင်းဆိုင်မှာထမင်းစားနေတုန်း အေအေကလာဖမ်းသွားကြတာပါ။ မနေ့ညကတော့ စစ်တပ်နဲ့ရဲက မသိဘူးထင်ပါတယ်။ ဒီမနက်မှစစ်တပ်ကမြို့ကို ဝင်မွှေပါတယ် ” ဟု မြောက်ဦးမြို့ခံတစ်ဦးက MPA သို့ပြောသည်။
မြောက်ဦးမြို့ထဲသို့ ယနေ့နံနက်မှစပြီး အကြမ်းဖက်စစ်တပ်မှ အလယ်စျေးတံတား၊ အထက (၁) ကျောင်းအနီး စသည့်မြို့တွင်းနေရာလေးခုတွင် အခြေချစစ်ဆေးပြီးဒေသ ခံအချို့ကို ဖမ်းဆီးသွားကာ စစ်ကား ၄ စီးဖြင့် မြို့တွင်းတွင် လှည့်ပတ်သွားလာနေခဲ့ကြောင်း မြောက်ဦးမြို့ခံအချို့ကဆို သည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA )က အကြမ်းဖက်စစ်တပ်မှ စစ်သား၊ ရဲ၊ စရဖ စုစုပေါင်း ၁၇ ဦးထိကို ဇွန်လ ၁၁ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ ၁၂ ရက်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည်။
” ရခိုင်မှာ စစ်တပ်က အပြစ်မရှိတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးနေတာတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်။ လုံးဝကန့်ကွက်ရှုတ်ချပါတယ် ” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဆိုသည်။
ရက္ခိုင်တပ်တော်(AA)၏ ယခုလ ၁၄ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ” ULA / AA တပ်ဖွဲ့ဝင်များနှင့် တရားရေးဌာနတွင် ဝင်ရောက်လုပ်ကိုင်နေသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးနေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အပြန်အလှန်ဖမ်းဆီးခြင်းဖြစ်ကြောင်း ” ပြောကြားခဲ့သည်။
” ပြည်သူတွေကိုတော့ နှစ်ဖက်စလုံးက ငဲ့ညှာသင့်တယ်လို့ထင်တယ်။ အဲဒါတွေကို ဆက်မလုပ်ဖို့၊ လုပ်လာရင်လည်း ကျနော်တို့က ကန့်ကွက်ပြောဆိုရမှာဖြစ်ပါတယ် ” ဟု ရခိုင်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ဆိုသည်။
ရခိုင်တွင် ယခုတပတ်အတွင်း အကြမ်းဖက်စစ်တပ်မှ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့တချို့မှ ဒေသခံပြည်သူ တစ်ရာနီးပါးကို မတရားဖမ်းဆီးထားကြောင်း မိသားစုဝင်များနှင့် ရခိုင်ဒေသခံများကဆိုသည်။