ဖယ်ခုံအရှေ့ဘက်ကမ်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို ကိုယ်တိုင်ထုတ် ၆၀မမ များဖြင့်ပစ်ခတ်ခဲ့ကြောင်း ဖီးနစ်မြို့ပြပြောက်ကျား(နေပြည်တော်) စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှပြောသည်။
ယမန်နေ့ ဇွန်လ ၁၇ရက်နေ့ ည၉နာရီခန့်က ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့အရှေ့ကမ်းရှိ လဟယ်ကျေးရွာနှင့် လွယ်မကူးတောင် တို့တွင်တပ်စွဲနေရာယူထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(ဖယ်ခုံPDF)နှင့် ဖီးနစ်မြို့ပြပြောက်ကျား(နေပြည်တော်) တို့မှ ကိုယ်တိုင်လုပ် ၆၀မမ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖီးနစ်မြို့ပြပြောက်ကျား(နေပြည်တော်) စစ်ရေးတာဝန်ခံ ဗိုလ်တေဇမှရှင်းပြသည်။
“ညီနောင်မဟာမိတ်ဖြစ်တဲ့ ဖယ်ခုံPDF တပ်ရင်း ၁၀၀၆- တပ်ခွဲ ၁၊ NPDF တပ်ရင်း ၈၀၂ တို့နဲ့ ကျွန်တော်တို့ ဖီးနစ်ရဲဘော်တွေ သွားရောက်ပစ်ခတ်တာပါ။ တိုက်ပွဲဖြစ်ကြသေးတယ်” ဟု ဗိုလ်တေဇမှ ရှင်းပြသည်။
နေပြည်တော်PDFများနှင့် ပူးပေါင်းထုတ်လုပ်သည့် ၆၀မမလက်နက်ကြီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ကာ စစ်ကောင်စီတပ်သားများမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ၄၅မိနစ်ကြာ တိုက်ပွဲကြီးဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ဖယ်ခုံPDFရဲဘော်တစ်ဦးက ပြောသည်။
အထက်ပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီအခြေစိုက်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရကာ သေကြေမှုများရှိသော်လည်း အရေအတွက်အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တိုက်ပွဲတွင်ပါဝင်သည့် ဖယ်ခုံPDFရဲဘော်တစ်ဦးကပြောသည်။
“ကျွန်တော်တို့မှာ လက်နက်ကြီးရှိနေတာ အားသာသွားတယ်။ အရင်ကထက် ပိုတိုက်နိုင်လာတယ်။ သူတို့ဘက်က အကျအဆုံးရှိပေမယ့် တိတိကျကျအတည်မပြုနိုင်ခဲ့ဘူး။ ကျွန်တော်တို့တိုက်ပွဲကို အကျအဆုံးမရှိပဲ ဖြတ်သန်းနိုင်ခဲ့တယ်။ အားလုံးဘေးကင်းခဲ့ကြတယ် ” ဟု တိုက်ပွဲတွင်ပါဝင်သည့် ဖယ်ခုံPDFရဲဘော်တစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်(ဖယ်ခုံPDF)နှင့် ဖီးနစ်မြို့ပြပြောက်ကျား(နေပြည်တော်) တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းလုံခြုံရာအရပ်တွင်ရှိနေပြီး ပြီးခဲ့သည့် ဇွန်လ ၁၄ရက်နေ့ နေ့လယ်၁၂နာရီတွင် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ Mytel Towerတိုင်ကို ဖြိုလှဲကာ ၁၂၀မမ တာဝေးပစ်လက်နက်ကြီးထုတ်လုပ်ရန်လိုအပ်သည့် သံထည်များကို ဖြတ်တောက်ယူခဲ့သေးကြောင်း စုံစမ်းသိရသည်။