ကရင်နီပြည်နယ်၊ ဒီးမော့ဆို အရှေ့ခြမ်းရှိ ဒီပေါပိုရှေ့ စစ်ရှောင်စခန်းတွင် ရေကို အကန့်အသတ်ဖြင့် သုံးစွဲနေရကြောင်း သိရသည်။
ယင်းစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၅စုရှိပြီး လူဦးရေ ၁၃၀ကျော်ရှိကာ ရေခက်ခဲမှု ကြီးမား နေသောကြောင့် ခွဲတမ်းဖြင့် သုံးစွဲနေရကြောင်း စစ်ရှောင်များထံက သိရသည်။
“ လမ်းခရီးကတော့ တောင်ပေါ်ဒေသဖြစ်လို့ ကြမ်းတမ်းပါတယ်။ ရေသယ်ကား အသွားအလာ ခပ်ကျဲကျဲပါပဲ။ ကျနော်တို့ စခန်းကို တစ်ခါရေပို့ဖို့ ၅နာရီကြာအောင် မောင်းရပါတယ်။ ကတ္တရာ လမ်းဆိုတာ မတွေ့ရသလောက်ပါပဲ။ လမ်းကကြမ်း ဖုန်ကထူနဲ့ ပင်ပန်းတယ်၊ ဆင်းရဲတယ်။ လမ်းမှာ ကားမပျက်ရင်တော့ တစ်ရက်ခရီးနဲ့ ရေရပါတယ်” ဟု စစ်ရှောင်စခန်း ရေရရှိရေး ကော်မတီ အဖွဲ့ဝင် ကိုများရယ်က MPA သို့ ပြောသည်။
ရေသယ်ကား စစ်ရှောင်စခန်းသို့ ရောက်လျှင် တစ်အိမ်ထောင်စုအတွက် ရေ ၅ ဂါလံ ဝင်ဆံ့သည့် ပုံးဝါနှစ်ပုံးရရှိပြီး တစ်ပတ်တာ သုံးစွဲကြရကြောင်း သိရသည်။
ပူပြင်းခြောက်သွေ့သည့် နွေရာသီဖြစ်၍ တောင်ကျရေ မရှိခြင်း၊ စိမ့်စမ်းရေများ ခမ်းခြောက်ခြင်းနှင့် ရေတွင်း၊ရေကန် တူးမရခြင်းများကြောင့် ရေရှားပါးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ ဒီဒေါပိုရှေ့စစ်ရှောင်က အရမ်းဝေးတဲ့တောတောင်တွေကြားထဲမှာနေရတာ ဖြစ်တဲ့အတွက် အလှူရှင်တွေ ရောက်ရှိမှုရှားပါးတယ်။ ပြီးတော့ ဒီဘက်မှာ စစ်ရှောင်နေကြတဲ့ စစ်ရှောင်တွေလောက်အထိ ထောက်ပံ့မှုတွေမရဘူး” ဟု စစ်ရှောင်များ ရေ ရရှိရေး တစ်ကိုယ်တော် ကူညီပေးနေသူ မချိုက ဆိုသည်။
ဒီပေါပိုရှေ့စစ်ရှောင်စခန်းတွင် ရေရှားပါးမှုကြောင့် ရေလောင်းအိမ်သာကိုလည်း အနည်းငယ်သာ အသုံးပြုနိုင်သေးကြောင်း သိရသည်။
ရေကားတစ်စီးလျှင် ကျပ်တစ်သိန်းသုံးသောင်း ကျသင့်ပြီး အလှူရှင်ရှားပါးကြောင်း ကိုများရယ်က ဆိုသည်။
ဒီပေါပိုရှေ့စစ်ရှောင်စခန်းရှိ စစ်ရှောင်များမှာ ဒီးမော့ဆိုမြို့နယ်အတွင်းကပင် ဖြစ်ကြောင်း သိရသည်