မကွေးတိုင်း၊ ယောဒေသအတွင်းရှိ PDF စခန်းအချို့နှင့် စစ်ရှောင်စခန်းအချို့တွင် သောက်သုံးရေရှားပါးလာမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ဝမ်းပျက်ဝမ်းလျှောနှင့် အရေပြားရောဂါများကို ကုသရန် ဆေးဝါး အကူအညီများ လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။
နွေရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် ချောင်းရေများခမ်းခြောက်လာမှုနှင့်အတူ ချောင်းများကိုအမှီပြုအထိုင်ချထားသည့် PDF စခန်းအချို့နှင့် စစ်ဘေးရှောင်စခန်းအချို့တွင်လည်း သောက်သုံးရေရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေကြရသည်။
ဂန့်ဂေါမြို့နယ်အခြေစိုက် CDF-HAKHA B2 C5 Federal Revolution Force- Gangaw (FRF Gangaw)တပ်စခန်းအနေဖြင့်လည်း သောက်သုံးရေရှားပါးမှုကို ကြုံတွေ့နေကြရပြီး အကူအညီများလိုအပ်လျက်ရှိကြောင်း ဘဏ္ဍာငွေရှာဖွေရေးနှင့် ပြန်ကြားရေးတာဝန်ခံ ကိုပေါက်က MPA ကိုပြောသည်။
“ သောက်သုံးရေအတွက်ကတော့ ကျိုချက်ပြီးတော့ သောက်နေကြရတယ်ဗျ။ ရဲဘော်တွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရယ်၊ ချိုးရေမသန့်တော့ ယားနာပေါက်တာတွေရှိတယ်ဗျ။ ရနိုင်မယ်ဆိုရင်တော့ အဲ့ဒါတွေအတွက် ဆေးဝါးတွေလိုအပ်တယ်” ဟု ၎င်းကရှင်းပြသည်။
FRF(ဂန့်ဂေါ)အနေဖြင့် ရေရရှိနိုင်ရေးအတွက် ရေတွင်းတူးဖော်ရန် ပြင်ဆင်နေသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် ရေတွင်းတူးဖော်ရန် လိုအပ်သည့်ပစ္စည်းများရရှိနိုင်မှု အခက်အခဲများလည်းရှိနေကြောင်း သိရသည်။
ထို့ပြင် ထီးလင်းမြို့နယ်ရှိ ပုံညာစစ်ဘေးရှောင်စခန်းတွင်လည်း သောက်သုံးရေများကိုကျိုချက်၍ သောက်သုံးနေရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားမှု မတွေ့ရသေးသော်လည်း အရေပြားရောဂါများဖြစ်ပွားလာသည်ကို တွေ့ရှိရကြောင်း စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးက MPA ကိုပြောသည်။
“ ရေတွင်းတူးနိုင်တဲ့အခြေအနေတော့ မရှိဘူးဗျ။ လူအပင်ပန်းခံပြီး မရရအောင် အဝေးကခပ်သုံးနေကြတာ။ ရေကိုကျိုပြီးသောက်နေတော့ ဝမ်းပျက်ဝမ်းလျှောတော့ မကြားရသေးဘူး။ ယားနာလောက်ကတော့ ဖြစ်ကြတယ်” ဟု ၎င်းကပြောသည်။
ပုံညာစစ်ဘေးရှောင်စခန်းအနေဖြင့်လည်း အရေပြားရောဂါများကုသရန် ဆေးဝါးများလိုအပ်နေသည့်အပြင် တကိုယ်ရေသုံးဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများလည်းလိုအပ်နေပြီး အခြေခံစားသောက်ကုန်အချို့လဲ လိုအပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့်မေလမှ အစပျိုးလာသည့် အစွန်းရောက်ရာသီဥတုဖြစ်စဥ် အယ်လ်နီညိုကြောင့် မြေအောက်ရေဆုတ်ယုတ်မှုများဖြစ်ပေါ်နေပြီး လာမည့်မတ်လ၊ ဧပြီလတို့တွင် ပိုမိုဆုတ်ယုတ်နိုင်သည့် အခြေအနေရှိကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်နိုင်က ပြောဆိုထားသည်။
“ အခုလောလောဆယ်ဖြစ်တဲ့အနေအထားက မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီလောက်အထိက UV index ခရမ်းလွန်ရောင်ခြည်တအားမြင့်နေတယ်။ တအားမြင့်နေတဲ့အချိန်မှာ နေလောင်တဲ့ဒဏ်က တစ်နေ့တည်း၊ တစ်လတည်းနဲ့ မသိသာဘူး။ ရေရှည်ဖြစ်လာတဲ့အချိန်ကျတော့မှ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အရေပြားကင်ဆာဖြစ်တဲ့အဆင့်အထိ ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ အဲ့ဒီတော့ အရိပ်ထဲမှာနေပါ။ နောက်ပြီး နေရောင်ခြည်ကို တိုက်ရိုက်မထိပါနဲ့” ဟု မိုးလေဝသစောင့်ကြည့်သူ ဦးဝင်းနိုင်က အယ်နီညိုရာသီဥတုဖြစ်စဉ်နှင့်ပတ်သက်သည့် MPA အင်တာဗျူးတွင် စစ်ဘေးရှောင်ပြည်သူများအတွက် သတိပေးဖြေကြားခဲ့ဖူးသည်။
၂၀၂၃ ခုနှစ်က စတင်ဖြစ်ပေါ်နေသော အယ်နီညိုရာသီဥတုဖြစ်စဉ်သည် ၂၀၂၄ ခုနှစ်၊ နွေဦးအထိ အယ်နီညို ညွှန်းကိန်းမြင့်တက်လာနိုင်သဖြင့် ထပ်တိုးလာနိုင်သော နေ့အပူချိန်သည် စိုးရိမ်ဖွယ်အဆင့်ထိရှိနိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထားကြသည်။
ထို့ပြင် ယောဒေသ ကျေးရွာအချို့တွင်လည်း ရေရှားပါးမှုကို ကြုံတွေ့နေကြရပြီး ချောင်းစပ်တွင် စမ်းတွင်းများတူးဖော်၍ ရေကိုအသုံးပြုနေကြရသည်များရှိသကဲ့သို့ ဝေးလံသည့်ဒေသများသို့ သွားရောက်ခပ်ယူနေကြရသည်များလည်းရှိကြောင်း စုံစမ်းသိရှိရသည်။