စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ဒေသခံပြည်သူ ၅၀၀၀ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယနေ့ (ဖေဖော်ဝါရီ ၁၇ရက်)၊ မနက် ၇နာရီခွဲခန့်တွင် ရေဦးမြို့နှင့် ၂ မိုင်ခန့် ကွာဝေးသော နှောကုန်းရွာနှင့် ဇဝရွာများသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း People’s Defense Comrade မှ ကိုထူးခန့်ဇော် (အမေ့သား)က ပြောသည်။
” ဒီနေ့ မနက် အောင်သာကျေးရွာမှာ ညအိပ်တပ်စွဲထားတဲ့ စစ်ကြောင်းကနေ နှောကုန်းရွာနဲ့ ဇဝရွာဘက်ကို စစ်ကြောင်း ထိုးပြီး ဝင်လာတယ်။ ပြီးတော့ မူးချောင်းကို ဖြတ်ပြီး တောင်ကုန်းရွာဘက်ကို ဆက်ဝင်သွားတယ်။ မွန်းလွဲ ၂နာရီလောက်မှာ အဲဒီရွာဘက်ကနေ မီးခိုးလုံးတွေ တက်လာတာတွေ့တယ်၊ ဘာတွေကို မီးရှို့ဖျက်ဆီးနေလဲတော့ မသိရသေးပါဘူး “ ဟု ကိုထူးခန့်ဇော် (အမေ့သား)က ပြောသည်။
ယင်းစစ်ကြောင်းသည် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၇၁) နှင့် ခြေမြန်တပ်ရင်း (ခမရ-၇၀၈) တို့ ပူးပေါင်းထားသည့် စစ်ကြောင်းဖြစ်ပြီး ရေဦးမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ယနေ့(ဖေဖော်ဖော်ဝါရီ ၁၇ရက်)အထိ စစ်ကောင်စီသည် ရေဦးမြို့နယ်အပါ အဝင် ခင်ဦးမြို့နယ်နှင့်ဒီပဲယင်းမြို့နယ်များအတွင်းသို့ လှည့်လည်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
” ဒီလ(ဖေဖော်ဝါရီ)အတွင်းမှာဆို ရေဦးမြို့နယ်ကို စစ်ကြောင်းထိုးနေတာက အခုတစ်ခေါက်နဲ့ဆို ၈ကြိမ်၊ ၉ကြိမ်လောက်ရှိပြီ၊ ရေဦးနယ်ထဲကို ဝင်လာလိုက်၊ ဒီပဲယင်းနယ်ကို ကူးသွားလိုက်၊ ခင်ဦးနယ်ထဲရောက်သွားလိုက်နဲ့ လုပ်နေတာပါ ” ဟု ရေဦးမြို့နယ်အတွင်းစစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ကျေးရွာများအတွင်းသို့ စစ်ကြောင်းများ မကြာခဏ ထိုးနေသောကြောင့် တောင်သူများ လယ်ယာလုပ်ငန်းများ မလုပ်နိုင်တော့သည့်အတွက် စားဝတ်နေရေးခက်ခဲလျက်ရှိကြောင်း ဒေသခံပြည်သူများကပြောသည်။
“ နှစ်စကတည်းက စစ်ကြောင်းထိုးနေတဲ့ အကြိမ်ရေကလည်း တော်တော်များနေပြီ၊ တစ်လကို ၂၅ရက်လောက်က စစ်ရှောင်နေရသလိုဖြစ်နေပြီ၊ အဲဒီတော့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ်လည်း မလုပ်နိုင်ကြတော့ဘူး။ ဒီအချိန်ဆို နွေစပါးစိုက်ဖို့တောင် မစိုက်နိုင်ကြတော့ဘူး။ အဲဒီတော့ စားဝတ်နေရေးအတွက်ကတော့ ခက်ခဲနေပါတယ် “ ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းထိုးနေခြင်းကြောင့် နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာနှင့် မဲအိုး စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၆ရွာမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း သိရသည်။