မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နှင့် ထီးလင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးစခန်းများနှင့် စစ်ရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုများ စတင်ကြုံတွေ့လာရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ယခုရာသီသည် နွေရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် ချောင်း၊ ကန်များအနေဖြင့် ရေများခမ်းခြောက်စပြုလာပြီး ယခုကဲ့သို့ သောက်သုံးရေးရှားပါးလာခြင်းဖြစ်ကြောင်း CDF-HAKHA B2 C5 ၊ Federal Revolution Force- Gangaw ၏ ပြန်ကြားရေးတာဝန်ခံ ကိုပေါက်က MPA ကိုပြောသည်။
“ သောက်သုံးရေက စရှားလာပြီဗျ။ အခုကတော့ သောက်ရေအတွက် ကြိုချက်ပြီး သောက်ခိုင်းထားတယ်ဗျ။ လောလောဆယ်တော့ စခန်းပြောင်းရမလား၊ ရေတွင်းကို အနက်တူးရမလား မသိရသေးဘူး။ တိုင်ပင်ကြတုန်း” ဟု ၎င်းကဆိုသည်။
ယောဒေသအတွင်း ရေရှားပါးသည့် ကျေးရွာများအနေဖြင့် မိုးရာသီတွင် ရေစီးသည့်ချောင်းများကို မိုးရာသီကုန်ခါနီးအချိန်တွင် ပိတ်ဆို့၍ သုံးရေ၊ သောက်ရေရရှိရန် ပြုလုပ်ကြရကြောင်း ခေါင်းတုံကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
“ ခေါင်းတုံက ရေချောင်းမရှိတော့ ရေကရှားတယ်။ မိုးရာသီကုန်ခါနီးမှာ မြောင်းတွေကို ပိတ်ထားရတာ။ မြောင်းဘေးကနေ ရေတွင်းပုံစံလေးတူးပြီး သောက်သုံးရေ အဖြစ်သုံးရတာ။ မြောင်းထဲကရေတော့ ချိုးပေါ့။ ချောင်းထဲလို ရေက စီးနေတာမဟုတ်တော့ သန့်တော့ ဘယ်သန့်မလဲ။ ယားနာတွေလည်း အတော်ပေါက်ကြတယ်” ဟု ၎င်းကရှင်းပြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခု၊ ဧပြီနှင့်မေလမှ အစပျိုးလာသည့် အစွန်းရောက်ရာသီဥတုဖြစ်စဥ် အယ်လ်နီညိုကြောင့် မြေအောက်ရေဆုတ်ယုတ်မှုများဖြစ်ပေါ်နေပြီး လာမည့်မတ်၊ ဧပြီလတို့တွင် ပိုမိုဆုတ်ယုတ်နိုင်သည့် အခြေအနေရှိကြောင်း မိုးလေဝသလေ့လာစောင့်ကြည့်သူ ဦးဝင်နိုင်က ဖေဖော်ဝါရီ ၉ ရက်တွင် MPA ကို ဖြေကြားထားသည်။
“ မတ်၊ ဧပြီလောက်ဆိုရင်တော့ ဆိုးလာလိမ့်မယ်။ မြေအောက်ရေ 30% (၃၀ ရာခိုင်နှုန်း) အောက်ကျသွားပြီဆိုရင် အပင်တွေဖြစ်ဖို့ အတော်ကိုခက်တဲ့ အနေအထားဖြစ်သွားပြီ” ဟု ဦးဝင်းနိုင်ကဖြေကြားထားသည်။
ထီးလင်းမြို့နယ်အတွင်းရှိ ပုံညာတောင်တန်းစစ်ရှောင်စခန်းတွင်လည်း ရေရှားပါးလာသည့်နည်းတူ လူဦးရေများပြားမှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အရေပြားရောဂါများကို ခံစားလာရကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက MPA ကိုပြောသည်။
“ လောလောဆယ် ချောက်ကို ကန်ပုံစံကန့်ထားတယ်။ သောက်ရေကိုစစ်ထုတ်တယ်။ နွေရာသီဆိုရေရှားတယ်။ ရေတွင်းတူးပေးနိုင်မှအဆင်ပြေမှာဗျ” ဟု ၎င်းကဆက်လက်ပြောသည်။
နွေရာသီသို့ရောက်ရှိလာသည်နှင့်အမျှ ယောဒေသတွင် ရေရှားပါးမှုများ ပိုမိုကြုံတွေ့လာတော့မည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ရေတွင်းများတူးရန်အကူအညီများနှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။