စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ညောင်ဇင်ကြီးကျေးရွာကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး လာခြင်းကြောင့် ဒေသခံ၂၀၀၀ ခန့် အရေးပေါ်စစ်ရှောင်နေရကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ၁၈ရက်)နံနက်၄နာရီကျော်တွင် ညောင်ဇင်ကြီးရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ် ပြီး အနီးဝန်းကျင်ရှိ ရွာ၈ရွာမှ ပြည်သူများ ထွက်ပြေးနေကြရကြောင်း Infinity Group မှ တာ၀န်ရှိသူတစ် ဦးကပြောသည်။
“ ၄နာရီ ကျော် လောက်က ကား ၃ စီးနဲ့ကန့်ဘလူ ၆၀၀၆ (အမြောက်တပ်)ကနေ ထွက်လာတာ။အဲကနေ ၅ နာရီလောက်ကျတော့ ထန်းပင်ရွာကို ရောက်ပြီး အင်အားစုပြီးတော့ ညောင်ဇင်လေးကနေ ညောင်ဇင်ကြီးရွာကို ဝိုင်းထားတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းတွေနဲ့ ကာထားလို့ ရွာထဲကိုတော့အခုထိ မ၀င်နိုင်သေးဘူး ဗျ” ဟု ၎င်းကယနေ့ညနေ၄နာရီကျော်တွင် ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ကန့်ဘလူ ၆၀၀၆ အမြောက်တပ်မှ အင်အား ၇၀ ကျော်ဖြင့် ထွက်ခွာ လာပြီး ညောင်ဇင်ကြီးရွာ အနီးရှိ ပျူစောထီး တို့နှင့် ပူးပေါင်းကာ အင်အား ၁၀၀ ကျော်ဖြင့် ညောင်ဇင်ကြီးရွာကိုဝိုင်းထားကြောင်းသိရသည်။
“ ကျွန်တော်တို့ကို ကာကွယ်ရေးတပ်ဖွဲ့ ၀င်တွေက စစ်ကြောင်းရောက်နေပြီ ဆိုပြီးတော့ လာပြောတာနဲ့ ထွက်ပြေးချိန်ရလိုက်တယ်။ ဘေးနားက ပျူတွေနဲ့ပေါင်းပြီး ညောင်ဇင်ကြီး ထဲကို ၀င်ဖို့ လုပ်ဖို့လုပ်နေတာ။ တော်သေးတယ်၊ ကျွန်တော်တို့အချိန်မီပြေးလိုက်နိုင်တာ” ဟု ညောင်ဇင်ကြီးရွာသားတစ်ဦးကပြောသည်။
မည်သို့သောအကြောင်းကြောင့် ညောင်ဇင်ကြီးကို ဝိုင်းထားသလဲမသိကြောင်း ၎င်းက ပြောသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာများမှာ ညောင်ဇင်ကြီး၊ သရက်ခေါင်း၊ ဖလံချိုင်၊ သိုးဘိုး၊ ကိုးမြို့၊ငါးရာနဲ၊မင်းကုန်း(က)နှင့် တောင့်တည်းကုန်းရွာ တို့ဖြစ်သည်။