စစ်ကောင်စီမှ လက်နက်ကြီးပစ်ခက်မှုကြောင့် သေဆုံးသွားရသည့် မုန်လိုင်ခတ်စစ်ရှောင်စခန်းမှ ပြည်သူများ၏ စျာပနအခမ်းအနားကို ယနေ့(အောက်တိုဘာ ၁၀ ရက်)၊ ညနေ ၃ နာရီခွဲခန့်တွင် လိုင်ဇာမြို့ရှိ၊ သုသာန်၌ ပြုလုပ်ခဲ့သည်။
လက်နက်ကြီးပစ်ခက်မှုကြောင့် မုန်လိုင်ခတ်စစ်ရှောင်စခန်းမှ၊ ကလေးငယ် ၁၃ ဦးအပါအဝင်၊ ပြည်သူ အယောက် ၃၀ သေဆုံးခဲ့ကာ၊ အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦး ပါဝင်ပြီး၊ ၎င်းသေဆုံးခဲ့သူများကို လိုင်ဇာမြို့၊ သုသာန်၌ မြေမြှုပ် သဂြိုဟ်ခဲ့သည်။
“ သေသွားတဲ့အထဲမှာ နှစ်လသားကလေးငယ်လေးပါတယ်။ ဘာဆိုဘာမှမသိသေးတဲ့ ကလေးလေး။ တစ်ချို့ဆို တစ်မိသားစုလုံး ပါသွားတယ်။ ညကြီးဆိုတော့ ရှောင်ချိန်လည်း မရလိုက်ဘူး။” ဟု မုန်လိုင်ခတ်စစ်ရှောင်စခန်းမှ ပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅၇ ခန့်ရှိပြီး၊ လိုင်ဇာပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရဥည်။
“ နေအိမ်တွေလည်းပျက်စီးတယ်။ ပျက်စီးမှုပမာဏကတော့ မပြောတက်သေးဘူး။ ဒဏ်ရာရတဲ့သူတွေကတော့ လိုင်ဇာဆေးရုံကြီးမှာပဲထားတယ်။” ဟု လိုင်ဇာမြို့တွင်နေထိုင်သူ တစ်ဦးက MPA သို့ ပြောသည်။
မုန်လိုင်ခတ်စစ်ရှောင်စခန်း၌ နမ့်ဆန်ယန်နှင့် လဂျားယန်ကျေးရွာများမှ စစ်ရှောင်ပြည်သူများအပါအဝင်၊ အိမ်ထောင်စု ၁၆၀ ခန့်ရှိပြီး၊ လူဦးရေ ၇၀၀ ကျော် နေထိုင်လျက်ရှိသည်။
လက်ရှိတွင် စစ်ကောင်စီသည် လိုင်ဇာမြို့အနီးတစ်ဝိုက်သို့၊ ယနေ့ မနက်ပိုင်းမှ စတင်ကာ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်နေသည့်အပြင်၊ နေ့လယ် ၁၂နာရီခန့်တွင်လည်း၊ ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်ရှိ၊ လိုင်လွမ်အောင်ကျေးရွာ၊ အနီးတစ်၀ိုက်သို့ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။