၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းတွင် တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံးအတွင်း၌ စစ်ဘေးရှောင်ပြည်သူဦးရေ ၃၀,၀၀၀ ကျော်ခန့်အထိရှိနေပြီး အဆိုပါ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လက်ရှိတွင် ကျန်းမာရေးနှင့် ပညာရေးအပိုင်းတွင် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်ဟု ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
ယင်းစစ်ဘေးရှောင်ပြည်သူ ၃၀,၀၀၀ ကျော်သည် ထားဝယ်မြို့နယ်၊ လောင်းလုံမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများမှ စစ်ရှောင်ပြည်သူများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ ကျန်းမာရေးလိုအပ်ချက်ရှိမယ်။ စားနပ်ရိက္ခာလိုအပ်ချက်ရှိမယ်။ လူသုံးကုန်ပစ္စည်း လိုအပ်ချက်ရှိမယ်။ အဲ့ဒီသုံးခုကကျတော့ အမြဲတမ်းလိုအပ်ချက်ရှိနေတာပေါ့။ ကျွန်တော်တို့လို စစ်ဘေးရှောင်တွေကို ကူညီပေးတဲ့ အဖွဲ့တော်တော်များများအနေနဲ့လည်း ခုနက သုံးခုကိုပဲ ပိုပြီးတော့ အာရုံစိုက်ပြီး ကူညီပေးနေတာတွေရှိပါတယ်။ ဆိုတော့ ကျွန်တော်တို့ ဒေါနအနေနဲ့ကကျတော့ အဲ့ဒီ သုံးခုအပြင်ကိုမှ ထပ်ပြီးတော့ နောက်ပိုင်းမှာ အလေးထားပြီးတော့ ကူညီပေးမဲ့ဟာ တစ်ခုက ပညာရေးပေါ့နော်။ ပညာရေးက Covid ကာလနဲ့ အာဏာသိမ်းကာလကိုပါ ထည့်ပေါင်းလို့ရှိရင် ကျွန်တော်တို့ ပညာရေးရပ်တန့်နေတာဟာ သုံးနှစ်ရှိပြီဖြစ်တယ်” ဟု စစ်ရှောင်များ၏ အခြေအနေကို ဒေါန-တနင်္သာရီအဖွဲ့၏ မြေပြင်တာဝန်ခံက ပြောသည်။
လက်ရှိ တော်လှန်ရေးခရီးသည် ရေရှည်သွားရမည့် ခရီးဖြစ်သည့်အတွက် ပညာရေးကဏ္ဍအနေဖြင့် ယခုထက်ပိုပြီး ရပ်တန့်နေလျှင် ကလေးများ ပညာမတတ်မှု ပိုမိုများပြားလာမည်ဟုလည်း ၎င်းက ဆက်လက်အသိပေးသည်။
“နောက်ပိုင်း ကျွန်တော်တို့ပညာရေးကို အခုလိုမျိုးထပ်ပြီးတော့ ရပ်ဆိုင်းထားတာမျိုးမဟုတ်ဘဲနဲ့ ဒီနောက်ပိုင်း ကျွန်တော်တို့ကလေးတွေရဲ့ ပညာတတ်မြောက်ရေးအတွက် ဘယ်လိုမျိုးအကောင်အထည်ဖော်ကြမလဲဆိုပြီးတော့ အဖြေရှာဖို့တော့လိုနေပြီလို့ ထင်ပါတယ်။ ပညာရေးကဏ္ဍကို မသိကျိုးကျွန်ပြုထားတာမျိုး မဟုတ်ဘဲ နောက်ပိုင်းတွေမှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရော၊ လက်နက်ကိုင်မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေရော ပညာရေးဘက်ကို အာရုံစိုက်ပြီးတော့ ကလေးတွေရဲ့ ပညာသင်ကြားခွင့်နဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးအကောင်အထည်ဖော်ဆောင်ရွက်ကြမလဲဆိုတာကိုတော့ အလေးပေးစဉ်းစားရမယ့် အချိန်ရောက်နေပြီလို့ ကျွန်တော်တို့က မြင်ပါတယ်” ဟု ဒေါန-တနင်္သာရီအဖွဲ့၏ မြေပြင်တာဝန်ခံက ပြောသည်။
ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းထူထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ၎င်းတို့အနေဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် အဓိကရည်မှန်း၍ လုပ်ဆောင်ပေးနေသည့် အရာများကို အပိုင်း ၃ ပိုင်း သတ်မှတ်ထားပြီး ယင်းတို့မှာ ကျန်းမာရေးကိစ္စ၊ စားနပ်ရိက္ခာကိစ္စ၊ အခြေခံလူသုံးကုန်ပစ္စည်းများ ကူညီထောက်ပံ့ရေး ကိစ္စရပ်များ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ဘေးရှောင်ကလေးများ၏ ပညာရေးအတွက် ဖြည့်ဆည်းလုပ်ဆောင်ပေးနိုင်ရန် လျာထားချက်များရှိသော်လည်း အဖွဲ့အနေဖြင့် အာရုံစိုက်ပြီး လုပ်ဆောင်ရန် အင်အားနည်းနေသေးသည့်အတွက် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်းလည်း စုံစမ်းသိရှိရသည်။
ဒေါန-တနင်္သာရီအဖွဲ့၏ မြေပြင်တာဝန်ခံက “ ပထမတစ်ချက်က ဘတ်ဂျက်လိုအပ်ချက်ရှိတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုက ရရှိလာတဲ့ အလှူငွေတွေနဲ့ပဲ အဓိက အလုပ်လုပ်နေရတာဖြစ်တော့ ဘတ်ဂျက်လိုအပ်ချက်က ကြီးကြီးမားမားရှိပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ကတော့ လူသားအရင်းအမြစ် (Human Resources) လိုအပ်ချက်ရှိတယ်။ မြေပြင်မှာ စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုအတွက် ကျွမ်းကျင်တဲ့ ကျန်းမာရေးလုပ်သား (ဆရာဝန်၊ သူနာပြု အစသဖြင့်) လိုအပ်ချက်ရှိတယ်။ လက်ရှိမှာဆိုရင် ကျွန်တော်တို့မှာ ကျွမ်းကျင်တဲ့ ကျန်းမာရေးလုပ်သား အနည်းငယ်ပဲ ရှိတယ်”ဟု လက်ရှိအခြေအအနေကို ဆက်လက်ရှင်းပြသည်။
ယင်းသို့ လိုအပ်ချက်များရှိနေသော်လည်း ရှိသည့်အင်အားဖြင့် ဖြတ်သန်းနေပြီး တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ ရှိနေသရွေ့ ဒေါန-တနင်္သာရီအဖွဲ့ ဆက်ရှိမည်ဟုလည်း ထပ်လောင်း အသိပေးသည်။