စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စစ်တပ် မီးရှို့ခြင်းခံရသော ကျေးရွာမှ ကလေးအယောက် ၂၀၀ ကို အာဟာရဒါနပြုခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ထုတ်ပြန်သည်။
ကလေးငယ်များကို အာဟာရဒါန အဖြစ် ပဲနို့နှင့်ဟမ်ဘာဂါ ကျွေးနိုင်ခဲ့ပြီး ယခုလို လှူုဒါန်းနိုင်ရန် ကူညီပေးသော အနာဂတ်အလင်းတန်းများအဖွဲ့ကို ကျေးဇူးတင်ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ပြောသည်။
“ မီးလောင်ပြင်က ကလေးငယ်တွေအတွက် တတ်နိုင်သလောက် လှူဒါန်းဖြစ်တာပါ။ အရင်ကလို ပြန်မရနိုင်တော့တဲ့ အခြေအနေမှာ ကလေးငယ်တွေအတွက် အားအင်ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လှူဒါန်းခဲ့ပါတယ် “ ဟု ၎င်းကပြောသည်။
မတ်လ၁၃ရက်နေ့က ယင်းမာပင်မြို့နယ်၊ မီးရှို့ခံရသောကျေးရွာ ၂ ရွာရှိ ၁၅၃ အိမ်နှင့် မတ်လ ၁၂ ရက်နေ့တွင် မီးရှို့ခံရသည့် အိမ် ၃၈၆ လုံး အတွက် ဆန်၊ ဆီနှင့် မီးဖိုချောင်သုံး ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း အညာပစ်တိုင်းထောင်များအဖွဲ့က ထုတ်ပြန်ထားသည်။
၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့သော အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ယခုအခါ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်မီးရှို့ခြင်းခံရသည့် အိမ်ထောင်စု ၉၀၀ကျော်ကို ကူညီ နိုင်ခဲ့ပြီ ဖြစ်သည်။