စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းက အိမ်ခြေတစ်ထောင်ကျော်ကို စစ်ကောင်စီတပ်က ယခုလနောက်ဆုံးအပတ်အတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၂၄ရက်နေ့မှ ၃၀ရက်နေ့အတွင်း ဒီပဲယင်းအရှေ့ခြမ်းရှိ ရွာ ၁၀ရွာက အိမ်ခြေ ၁၀၈၁ လုံးကို ရက်ဆက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ဒါကတော့ ၂၄ရက်နေ့ကနေ မနေ့က ရတဲ့အထိ လတ်တလော စာရင်းပေါ့။ မြေပြင်အခြေအနေနဲ့ တော်တော်နီးစပ်ပါတယ်။ အဲ့ထက်များဖို့ပဲရှိမယ် နည်းဖို့တော့ မရှိတော့ပါဘူး” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အထက်ပါ မီးရှို့ခံရသည့်ရွာများမှာ ညောင်လှရွာ ၊လက်ယက်ကုန်းရွာ၊ အုန်းတပင်ရွာ၊ ဒိုင်နတ်ရွာ၊ မရကန်ရွာ၊ သရက်တောရွာ၊ မူးခတွင်းရွာ၊ ယဉ်ကျေးရွာ၊ မစိုးရိမ်ရွာနှင့် မူးရိုးကုန်းရွာတို့ဖြစ်ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး ကယနေ့ ထုတ်ပြန် သည်။
“ ဒါကတော့ စာရင်းရတဲ့ရွာတွေပေါ့။ မြို့ကြီးတို့၊ သံကွေးတို့ ပေါက်ရင်းဘက်တွေ ကျန်သေးတယ်။ ရွာတွေ မီးရှို့ခံရလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေက သုံးသောင်းကျော်ရှိတယ်။ ကျွန်တော်တို့ဆို ကူညီပေးနေတဲ့ ဒေသခံတစ်သောင်းခွဲကျော်က ရိက္ခာပြတ်နေပြီ။ အရင်က စုဆောင်းထားတဲ့ ရိက္ခာတွေက မီးထဲပါသွားတာ ဆိုတော့လေ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ဒီပဲယင်းအရှေ့ခြမ်း ရုံသာရွာနှင့် မူးမြစ်အရှေ့ဘက်ကမ်း မအူပင် အနောက်ရွာတို့တွင် စစ်ကောင်စီတပ်များတပ်စွဲကာ ရွာများကို မီးရှို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း MPA က စုံစမ်းသိရသည်။