တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ပတ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပြည်သူများ၏ နေအိမ် သုံးလုံးထက်မနည်း ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လယ်သစ်ကျေးရွာ အနောက်ကမ်း၌ ဇွန်လ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် လယ်သစ် အရှေ့ကမ်းကို ပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
လယ်သစ်ကျေးရွာနေ ဒေသခံတစ်ဦးက “ လယ်သစ်မှာ ၄ ရက်နီးပါး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်တပ် ပစ်ခတ်လို့ ရွာထဲမှာ နေအိမ် သုံးလုံးထက်မနည်း ပျက်စီးသွားတယ်။ နောက်ပြီး စစ်တပ်ဘက်က ပစ်လို့လိုက်တဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေလည်း ရွာထဲမှာ တွေ့ရတယ်” ဟု ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ တစ်ထောင်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲဖြစ်ပွားခဲ့သည့် အချိန်တွင်း ဒေသခံ ပြည်သူ ၂၀ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းကာအဖြစ် ရိက္ခာထမ်း ခေါ်ဆောင်သွားပြီး နောက်ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။
ယင်း ကျေးရွာအနီး ၄ ရက်အကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးခဲ့ကြောင်း တနင်္သာရီ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေအသေးစိတ်ကိုမူ MPA အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။