မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိကျေးရွာအချို့တွင်လမ်းခရီးအခက်အခဲငွေရေးကြေးရေး အခက်အခဲများကြောင့်ဆေးဝါးရှားပါးမှုများဖြစ်ပွားနေကြောင်းသိရသည်။
“ခုလောလောဆယ်ကတော့ဆေးဝါးရှားပါးတာတွေဖြစ်နေတာပေါ့။အဓိကကတော့ကားလမ်းတွေပိတ်တဲ့ဟာရယ်။နောက်စျေးတွေအရမ်းကြီးတာရယ်ကြောင့်ရှားသွားတာပေါ့”ဟု မိုးနှံကုန်းကျေးရွာမှ ရွာလူကြီးတစ်ဦးကMPAသို့ပြောသည်။
အိမ်သုံးဆေးဝါးများကိုမြို့ပေါ်ထိတက်ပြီးသွားရောက်ဝယ်ယူနေရပြီးစျေးအဆမတန်ကြီးမြင့်သည့်အပြင်လိုချင်သောပမာဏကိုရရှိခြင်းမရှိပေ။ထိုသို့မရရှိသည့်အတွက်လာရောက်လှူဒါန်းမည့်သူများကိုသာစောင့်မျှော်နေကြသည်။“ဖလူဇာတစ်ကဒ်ကို၃၅၀၀လောက်ပေးရတယ်။ပါရာစီတမောတစ်ကဒ်ကို၂၀၀၀ပေးရတယ်။ဓါတ်ဆားတွေဆိုရင်လည်းလိုသလောက်မရဘူး။ ငါးထုပ်လိုချင်တယ်ဆိုရင်တောင်သုံးထုပ်လောက်ပဲရတယ်”ဟုဆိုသည်။
မိုးနှံကုန်းကျေးရွာမှအနီးဆုံးဆေးရုံမှာရွာမှ လေးမိုင်ခန့်အကွာတွင်ရှိနေသည်။မိုးနှံကုန်းကျေးရွာမှနှစ်မိုင်ခန့်ကွာဝေးသည့်ငပြားကျေးရွာတွင်ကိုဗစ်ရောဂါဖြစ်ပွားမှုအများအပြားရှိပြီးသေဆုံးသူများရှိနေသည်ဟုသိရသည်။အလားတူပင်အခြားကျေးရွာများတွင် ဆေးဝါးရှားပါးမှုများကြုံတွေ့နေရသည့်အတွက်မြို့ပေါ်သို့အလှူခံခြင်းများပြုလုပ်ထားကြောင်းသိရသည်။
“ကျွန်တော်တို့ကတော့Onlineပေါ်ကနေအလှူခံပေးတယ်။ဆင်ပေါင်ဝဲဘက်က ရွာတွေကိုလှူဖို့ လုပ်ကြတာပေါ့။အခုတော့အလှူခံနေတုန်းပါပဲ ။သွားတော့ မလှူရသေးဘူး” ဟု ဆေးဝါးအလှူခံမှုများပြုလုပ်ပေးနေသူတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်တတိလှိုင်းစတင်ချိန်မှစ၍ ဆေးဝါးပြတ်လပ်မှုများစျေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လျက်ရှိနေသည်ကိုတွေ့ရှိရပြီးအာဏာလုယူထားသည့်အကြမ်းဖက်စစ်တပ်အနေဖြင့်လည်းအဆိုပါကိစ္စကိုလက်ရှိအချိန်ထိဖြေရှင်းနိုင်ခြင်းမရှိသေးသည်ကိုတွေ့ရသည်။
စစ်ကောင်စီအနေဖြင့်ဆေးဝါးများစျေးအဆမတန်ကြီးမြင့်မှုများနှင့်ပတ်သက်ပြီးမည်ကဲ့သို့စီစဥ်ဆောင်ရွက်မည်ကိုစစ်တပ်၏ပြန်ကြားရေးတာဝန်ရှိသူဇော်မင်းထွန်းနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူဒေါက်တာခင်ခင်ကြီး တို့ထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်းဆက်သွယ်၍မရရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် ကိုဗစ်တတိယလှိုင်းစတင်ခဲ့သည့် မေလတတိယအပတ်မှစတင်ပြီးကိုဗစ်တတိယလှိုင်း ဖြစ်ပွားခဲ့ပြီးဇူလိုင်လတတိယပတ်အထိ ကိုဗစ်ကြောင့် သေဆုံးသူအများအပြားရှိခဲ့သည်။သေဆုံးရသူအများစုမှာဆေးကုသမှုအလုံလောက်မရရှိခြင်း၊ ဆေးဝါးအလုံအလောက်မရှိခြင်း၊အောက်ဆီဂျင်လုံလောက်မှုမရှိခြင်းများကြောင့်သေဆုံးခဲ့ရခြင်းဖြစ်သည်။