ကိုယ့်နေရာ ကိုယ်မသိသော စစ်ဗိုလ်ချုပ်တို့ကြောင့် ရှေ့သို့ချီ တိုင်းပြည်မှာ မှောက်လျက် လဲကျခဲ့ ရသလို ကိုယ့်အခြေအနေကိုယ်မသိသည့် စစ်ကောင်စီကြောင့်လည်း ဟုန်းဟုန်းတောက်နေသော စစ်မီးကို ဆက်လက်လောင်မြိုက်ရန်ကလွဲ၍ အခြားမရှိပေ။
၁၉၆၂ခုနှစ်၊တိုင်ပြည်အာဏာကို သေနတ်ထောက်လုယက်ခဲ့သည့်အချိန်မှစ၍ အာဏာဖြင့်သိုက်တူး ခြင်းအမှုတွင် အရသာတွေ့ခဲ့သော စစ်ဗိုလ်ချုပ်တို့မှာ တင်းတိမ်ရောင့်ရဲနိုင်စွမ်းမရှိ။တိုင်းပြည်အာဏာကို စစ် အုပ်စု ရာသက်ပန်စွန့်လွှတ်ရတော့မည်ဖြစ်ကြောင်း ၂၀၂၀ရွေးကောက်ပွဲရလဒ်က အသိပေးလိုက်သည့်အချိန် တွင် အာဏာငန်းဖမ်းခြင်းအမှုကို အရှက်အကြောက်ကင်းစွာဖြင့် စတင်ကာ တိုင်းပြည်အာဏာသည် စစ်တပ် ၏ဘိုးဘွားပိုင်အမွေဖြစ်ကြောင်း အတိအလင်းကြေညာတော့သည်။
တိုင်းပြည်အာဏာကို ပြည်သူနည်းနည်းသတ်ပြရုံဖြင့် ရရှိလိမ့်မည်ဟု ဟုတ်လှပြီထင်ခဲ့သော နေပြည် တော်စစ်ဗိုလ်ချုပ်တို့မှာ ၂၀၂၃နှစ်ကုန်ပိုင်းမှ စတင်ကာ အိပ်၍မပျော်သော ညများစွာဖြင့် ခေါင်းမီးတောက်နေရ ပြီဖြစ်သည်။
အရှိန်ဖြင့်ပြေးနေသော ၁၀၂၇စစ်ဆင်ရေးကို ၂၀၂၄ခုနှစ်၊ဇန်နဝါရီ၁၁ရက်တွင် တရုတ်၏ ဖိအားဖြင့် ရပ်နိုင်ခဲ့သော်လည်း ရှမ်းမြောက်ဒေသတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်တို့ သိမ်းပိုက်ခဲ့သော နယ်မြေများ ကို ပြန်မရတော့သလို ပြန်ရစရာလမ်းလည်း မမြင်တော့ပေ။အဆိုးဆုံးအခြေအနေမှာ ငွေအဝင်ကြမ်းသော ရှမ်း မြောက်ဒေသ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးကို ယနေ့ထိတိုင် ပြန်မဖွင့်နိုင်သေးခြင်းဖြစ်သည်။
ရခိုင်စစ်မျက်နှာကို ကြည့်ပါကလည်း ရက္ခိုင့်တပ်တော်(AA)ထိုးစစ်သည် နာမည်ကျော် ငပလီကမ်း ခြေအထိ ရောက်ရှိလာပြီဖြစ်သလို ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ကြောလုံးကို မကြာမီ စစ်ကောင်စီလက်လွှတ်ရ တော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပြီဖြစ်သည်။
မတ်လခုနှစ်ရက်က စတင်ခဲ့သော ကေအိုင်အေနှင့်ပူးပေါင်းတပ်တို့၏ ထိုးစစ်သည် အရှိန်ဖြင့် ပြေးနေ သောမြားတစ်စင်းပမာ ရှေ့သို့ချီလျက်ရှိသည်မှာ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့နားသို့ပင် ရောက် ရှိခဲ့ပြီဖြစ်သည်။မင်းအောင်လှိုင်၏ ဂီလာနတပ်မှာ ပြုတ်ပြီးရင်း ပြုတ်၊ဆုတ်ပြီးရင် ဆုတ်ခြင်းကလွဲ၍ မည်သို့မျှ မတတ်နိုင်။
မတ်လခုနှစ်ရက်မှာပင် အရှိန်ပြင်းခဲ့သော KNLAပူးပေါင်းတပ်တို့၏ ထိုးစစ်မှာ ကရင်နယ်ခြားစောင့် တပ်BGFတို့၏ မူမမှန်မှုကြောင့် အရှေ့တောင်အာရှသို့ အဓိကဝင်ပေါက် မြဝတီမြို့ကို ရလုရခင်အခြေအနေမှ လက်လျှော့ခဲ့ရသည်။သို့သော်၊ယနေ့ထိတိုင် မြဝတီမြို့ကို စစ်ကောင်စီ ကိုယ့်အင်အားဖြင့်ကိုယ် ထိန်းချုပ်နိုင် ခြင်းမရှိသေးပေ။
အဆိုးရွားဆုံးနှင့် အရှက်တကွဲဖြစ်ရမှုမှာ မင်းအောင်လှိုင်၏ချိုင်းထောက် ဒုချုပ်စိုးဝင်း၏ စီမံကွပ်ကဲမှု ဖြင့်မော်လမြိုင်မှနေ၍ မြဝတီမြို့သို့ စေလွှတ်လိုက်သော နိုင်ငံတော်အဆင့်ဟုဆိုသည့် အောင်ဇေယျ စစ်ဆင် ရေးမှာ နှစ်လကျော်ကြာသည့်တိုင် ဒေါနတောင်ပေါ်၌ ပိတ်မိနေခြင်းပင်ဖြစ် သည်။
မြဝတီသို့ လေးရက်ဖြင့်အရောက်ချီမည်ဟု ကြွေးကြော်ခဲ့ပြီး လေကြောင်း၊သံချပ်ကာနှင့်လက်နက် ကြီးပစ်ကူ လှိုင်လှိုင်သုံးခဲ့သော အောင်ဇေယျစစ်ကြောင်းသည် တော်လှန်ရေးတပ်တို့၏ ဖြတ်ဖြတ်လတ် လတ်ချေမှုန်းမှုကြောင့် ဒေါနတောင်ပေါ်ရှိ တောနောရေတံခွန်အကျော် ဘုရားကုန်းတွင် ရှေ့မတိုးနိုင်ဘဲ ပိတ် မိနေဆဲပင်ဖြစ်သည်။
ယခုလည်း ကရင်နီပြည်နယ်အတွင်း နယ်မြေများစွာတင်မက မြို့တော်လွိုင်ကော်၏ ဧရိယာတစ် ဝက်ခန့်ကိုပင် တော်လှန်ရေးတပ်များလက်ထဲ ထိုးအပ်ခဲ့ရသည့် အခြေအနေအား ပြောင်းပြန်ပြန်လှန်မည်ဟု အိပ်မက်မက်ကာ အညွှန့်ကျိုးနေပြီးသော ဂီလာနတပ်က စစ်ကြောင်းချီလာပြန်ပြီဖြစ်သည်။
စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းရှိနယ်မြေ ၁၄ ရာခိုင်နှုန်းကိုသာ အပြည့်အဝ ထိန်းချုပ်စိုးမိုးနိုင်စွမ်းရှိ ပြီး တော်လှန်ရေးအင်အားစုများက အပြည့်အဝ သို့မဟုတ် ရာခိုင်နှုန်း ၉၀ ထိန်းချုပ်စိုးမိုးထားနိုင်သောနယ်မြေ ၃၄ ရာခိုင်နှုန်းရှိကာ ကျန်နယ်မြေများမှာ စစ်ကောင်စီ ထိန်းချုပ်စိုးမိုးမှု အခိုင်အမာမရှိသော နယ်မြေများဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) ၏ မေလ၃၀ရက် အစီရင်ခံစာ၌ ဖော်ပြထား သည်။
စစ်တပ်၏အရှုံးသည် မင်းအောင်လှိုင်ရှက်တတ်လျှင် ကာချုပ်ရာထူးမှ ချက်ချင်းဆင်းပေးသင့်သည် ထက်ပင် ပိုလေးနက်နေပေသည်။သို့သော်၊ အာဏာရူးမင်းအောင်လှိုင်မှာ သန်းရွှေခန့် ကာချုပ်ရာထူးကိုရော ၎င်းဘာသာခန့် ဝန်ကြီးချုပ်ရာထူးမှလည်း ဆင်းပေးမည်မဟုတ်သလို တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုသည့် ဝေါဟာရမှာလည်း မင်းအောင်လှိုင် အဘိဓာန်တွင် မရှိပေ။
စစ်ကောင်စီ ထိန်းချုပ်စိုးမိုးနယ်မြေ နေပြည်တော်တစ်ခုသာ ကျန်ခဲ့လျှင်တောင် ကိုယ့်အခြေအနေ ကိုယ်မသိ အောင်ပွဲရ စစ်သူကြီးပမာ လက်သီးလက်မောင်းတန်းနေဦးမည်မှာ မိုက်သွေးကြွယ်လှသော မင်း အောင်လှိုင်၏ နိုင်ငံရေးကျပ်မပြည့်မှုပင်ဖြစ်သည်။
မင်းအောင်လှိုင် ရွေးချယ်ထားသည်မှာ သေလမ်းသာလျှင် ဖြစ်သည်။စစ်အုပ်စုဝင်များအနေနှင့် မင်း အောင်လှိုင်စိတ်ကြိုက်ကိုသာ စုံမှိတ်လှမ်းကာ စစ်မီးလျှံများကြား ဆက်လက်တောက်လောင် နေဦးမည်ဆိုပါ က သေလမ်းသို့သာ ဧကန်အမှန် မြန်မြန်ရောက်ရှိခြင်းကလွဲ အခြားမရှိပါကြောင်း မောင်းခတ် လိုက်ရပါသည်။