တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာပြီဖြစ်ကြောင်း မကြာသေးမီလပိုင်းက အတည်ပေါက်ပြော ကြားခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ပါးစပ်ပေါက်ကို ကျပ်သိန်း ၅၀ ကျော်သွားပြီဖြစ်သော ရွှေဈေးနှုန်းက ဖြတ်ရိုက်ပြခဲ့သည်။
မတ်လ ၁၈ ရက်၊ ရုရှားသတင်းဌာန ITAR-TASS နှင့် မင်းအောင်လှိုင်တို့ သီးသန့်တွေ့ဆုံခန်းတွင် ၎င်းက NLD အစိုးရလက်ထက်၊ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ကျဆင်းခဲ့သည့် တိုင်းပြည်စီးပွားရေးသည် စစ် ကောင်စီ၏ ကြိုးစားမှုကြောင့် ပြန်လည်ဦးမော့လာပြီဟု အတည်ပေါက် ပြောကြားခဲ့ခြင်းဖြစ်သည်။
မအောင်မြင်သော အာဏာသိမ်းပွဲ မတိုင်မီ ၂၀၂၁ နှစ်ဆန်းပိုင်းတွင် အမေရိကန်တစ်ဒေါ်လာ ၁၃၀၀ ကျပ်နှင့် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်တွင် အမေရိကန် တစ်ဒေါ်လာ ကျပ် ၄၅၀၀ ကျော်နှင့် အခေါက်ရွှေ ၅၆ သိန်းဝန်းကျင်အထိ ထိန်းမနိုင်သိမ်းမရ အတက်ကြမ်းခဲ့ပြီ ဖြစ်သော်လည်း စုံလုံးကန်း ဘဝင်ရူး မင်းအောင်လှိုင်၏ ကျပ်မပြည့်မှုက တိုင်းပြည်စီးပွား ဦးမော့လာခြင်းမှ တစ်ပြားမှ မလျှော့ပေ။
မေလ ၁၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားဈေးမှာ သိန်း ၅၀ ကျော်သို့ ရောက်ရှိကာ ငါးထိပ်စည်းသို့ ပြောင်းခဲ့သည်။ထို့နောက် ၅၁ သိန်း၊ ၅၂ သိန်း တရိပ်ရိပ်။ မေလ ၂၇ ရက်ညတွင် မင်းအောင်လှိုင်ခန့် စစ်ကောင်စီ ဥက္ကဌရုံး ဝန်ကြီး ဌာန (၃) ပြည်ထောင်စုဝန်ကြီး အောင်နိုင်ဦးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး မောင်မောင်ဝင်းတို့ကို ဖယ်ရှားလိုက်ပြီးနောက် မေ ၂၈ ရက်မှစတင်ကာ ၅၃ သိန်းကျော်။ မေ ၃၀ ရက်တွင် ၅၈ သိန်းကျော်အထိ ခုန်တက်ခဲ့ပြီးနောက် စစ်ကောင်စီတို့ ပြုမြဲထုံးစံအတိုင်း ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးခြင်းနည်းဖြင့် အတွင်းကြေကြေနေပြီဖြစ်သော ခန္ဓာကိုယ်အား လက်ပူတိုက် ကုသသည်။ မေ ၃၁ ရက်တွင် ဖြစ်မြဲဖော်မြူလာအတိုင်း ၅၆သိန်းဝန်းကျင်သို့ ပြန်ကျသွားသည်။
ဖြစ်မြဲထုံးစံအတိုင်း ဒေါ်လာနှင့်ရွှေ အတက်ကြမ်းလာခြင်းနှင့်အပြိုင် ကုန်ဈေးနှုန်းသည်လည်း အိမ်ရှင်မတို့၏ မျက်နှာကို တစ်ချက်လှည့်မကြည့် တလူလူလွှင့်တော့သည်။ လက်တစ်ဆုပ်စာပင်မရှိသော မန်ကျည်း ရွက်တစ်ပုံဈေး ကျပ် ၅၀၀ ဖြစ်နေ၍ မဝယ်ဘဲ ပြန်ချခဲ့ရကြောင်း ရန်ကုန်မြို့တော်ပြင်ပ ကျေးလက်နေ အိမ်ရှင်မတစ်ဦး၏ ညီးညူသံကို လူမှုကွန်ရက်ပေါ် တွေ့ရသည်။ ဗူးသီးတစ်စိတ် ကျပ် ၁၀၀၀ နှင့် ကြက်ခြေထောက် ၂၀၀၀ ဖိုး ၆ ချောင်းသာ ရရှိတော့ကြောင်း ရန်ကုန်မြို့သားတစ်ဦး၏ တောက်ပြင်းပြင်းခတ် ရင်ဖွင့်သံကိုလည်း ကြားရသည်။
မြန်မာကျပ်ငွေကို တစ်ရှူးမန်းနီးဟု ဆိုသူကဆို၏။ အိမ်ရှင်မတို့၏ ဆုံမှတ်ဖြစ်သော ဈေးများနှင့် မီးဖိုချောင်ထဲတွင် တိုင်းပြည်စီးပွားဦးမော့လာပြီဟု ပြောရဲသော မင်းအောင်လှိုင်မျက်နှာကို နာကြည်းစွာဖြင့် တံတွေးဖြင့် ထွေး ကြကုန်သည်။
မည်သို့မည်ပုံ ရှေ့ဆက်ကြမည်နည်း။ အတွင်းကြေ ကြေနေပြီဖြစ်သော တိုင်းပြည်စီးပွားကို ယတြာချေရုံ၊ လက်ပူတိုက်ကုရုံမျှဖြင့် အရေးပေါ်ခန်းထဲမှ ပြန်လည်ဆွဲထုတ်ရန် မည်သို့မျှ မဖြစ်နိုင်သည်မှာ သေချာပါသည်။ ရွှေဈေးတက်လျှင် ရွှေလုပ်ငန်းရှင်များကို ဖမ်းဆီးခြင်းမှာ စစ်အာဏာရှင်ဟောင်းများ လက်ထက်ကတည်းကဖြစ်ပြီး ယင်းကုထုံးမှာ ခဏတဖြုတ် အယောင်လျော့ရုံမျှသာဖြစ်ကြောင်း နေပြည်တော်စစ်ဗိုလ်ချုပ်တို့ သိရှိကြသည်။သို့သော်၊ ကုစရာ အခြားနည်းမရှိသဖြင့် ရှိသည့်နည်းကိုသာ လုပ်နေကြခြင်းဖြစ်သည်။
မအောင်မြင်သော အာဏာသိမ်းပွဲ စတင်ပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဝင် မရှိသလောက် ဖြစ်သွားရုံတင်မက ရှိပြီးသားရင်းနှီးမြှုပ်နှံမှုများစွာ ပြန်လည်တပ်ခေါက်သွားခြင်းက စစ်ကောင်စီကို အထိနာစေခဲ့သည်။ထို့နောက် နိုင်ငံတကာ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုက မနာချင်ယောင် ဆောင်နေသော စစ်ကောင်စီကို ခါသွားစေသည်။ ဆက်လက်ပြီး ၁၀၂၇ စစ်ဆင်ရေးမှစတင်ကာ စစ်ကောင်စီအတွက် အရေးပါသည့်ဝင်ငွေရရှိရာ တရုတ်နယ်စပ်ကုန်သွယ်ရေးပျက်။ တိုက်ပွဲများနှင့် တော်လှန်ရေးအင်အားစုတို့က ထိန်းချုပ်လိုက်နိုင်သောကြောင့် ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတို့ ပျက်ပြားလျော့ပါးသွားခဲ့ရာ စစ်ကောင်စီ မျက်ဖြူဆိုက်ရသည်။
ထိုသို့ ဖြူကာပြာကာကျနေသည့်အချိန်တွင် မကောင်းဆိုးဝါးအာဏာ သက်ဆိုးရှည်ရေးအတွက် စစ်လက်နက်ပစ္စည်းမျိုးစုံ ဝယ်ယူကာ တိုက်နေရခြင်းနှင့် တိုက်တိုင်းရှုံးနေရခြင်းကလည်း စစ်ဗိုလ်ချုပ်တို့၏သေ လမ်းကို ညွှန်ပြနေပေသည်။
သေချာသည်က ဈေးတက်လျှင် ဈေးကွက်ကို လည်မျိုညှစ်ခြင်းကလွဲ၍ အခြားနည်းမရှိခြင်းမှာ သုည ဒီဂရီအောက်သို့ စုံကန်ပြေးနေခြင်းဖြစ်ပြီး ဆုတ်ပြေးနေသော စီးပွားရေးကို ရပ်သွားအောင်ပင် လုပ်နိုင်စွမ်းမရှိတော့ပေ။ ယင်းကို နောက်တစ်မျိုးဆိုရသော် စစ်ကောင်စီတွင် မျှော်လင့်စရာ သေနေ့သာလျှင် ရှိတော့ကြောင်း ပစ္စက္ခစီးပွားရေးက သက်သေပြလိုက်ခြင်းဖြစ်သည်။