ဖြည်းဖြည်းနှင့် မှန်မှန်သာ ရွေ့နေသော နွေဦးတော်လှန်ရေး ရေအလျဉ်မှာ အောက်တိုဘာ၂၇ရက်သို့ ရောက်သောအခါ အရှိန်အဟုန်ပြင်းစွာဖြင့် ဂငယ်ကွေ့ ချိုးချလိုက်သည်။
ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင် အပေါ်လေမိနေသော အာဏာသိမ်းစစ်ကောင်စီသည်လည်း ဖြည်း ဖြည်းရွေ့နေသောတော်လှန်ရေးရေအလျဉ်သည် ရုတ်ချည်းဆိုသလို ထန်ပြင်းသောဒီရေအဖြစ်သို့ ဝုန်းဒိုင်းကြဲ ပစ်မည်ဟုမထင်။နားပါးပြီး မျက်စိရှင်ရှင်ထား စောင့်ကြည့်နေတတ်သော သတင်းသမားများနှင့် နိုင်ငံရေးအကဲ ခတ်များ သည်လည်း မျှော်လင့်မထား။ဒီမိုကရေစီပြည်သူအပေါင်းတို့ဆိုလျှင် စိတ်ကူးပင် မယဉ်မိ။
ထိုသို့ မမျှော်လင့်ထားသော ၁၀၂၇ စစ်ဆင်ရေးကြီးက ရေကာတာကြီး ပြိုကျလာသလို ရှမ်းမြောက် တခွင်က စစ်ကောင်စီတပ်စခန်းများတင်မက မြို့များကိုပင် သိမ်းပိုက်ပြ။မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များ လူပုံအလယ်တွင် တောက်သံပြင်းပြင်းခတ် ကြုံးဝါး။လေယာဉ်ဖြင့် ဗုံးကြဲ၊လက်နက်ကြီးဖြင့် စွတ်ပစ်ရုံကလွဲ၍ မျောက်မီးခဲကိုင်မိသလိုမျိုး။
၁၀၂၇ စစ်ဆင်ရေးမှာ ရှမ်းမြောက်တခွင် ဝုန်းဒုန်းကြဲခြင်းဖြင့် ရပ်မနေ။ဟန်ချက်ညီ စစ်ဆင်ရေးများအ ဖြစ် တစ်နိုင်ငံလုံးအနှံ့ ပွားစည်းနိုင်ခဲ့လေသဖြင့် စစ်ဗိုလ်ချုပ်တို့ခမျာ အရူးမီးဝိုင်းဘဝ။ရှမ်းမြောက်ဒေသတွင် သာမက စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းနှင့် ခမ်းပါတ်မြို့တို့ကိုပါ တော်လှန်ရေးအင်အားစုတို့ သိမ်းပိုက် လိုက်သည့်အခါ တောက်ခတ်ကြုံးဝါးနေသော မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်တို့မှာ တိုးတိုးတိတ်တိတ် သက် ပြင်းကို နာနာချ၊နဖူးပေါ် လက်တင်ကာ ကိုယ့်ရှေ့ရေးကိုယ် တွေးတောလာရတော့သည်။
ပြည်သူထောက်ခံမှုအပြည့်ဖြင့် ထွန်းညှိထားသော စစ်ဆင်ရေးတို့သည် နေပြည်တော်နှင့် မလှမ်းမ ကမ်း ကရင်နီပြည်နယ်သို့ ဆက်လက်တောက်လောင်သောအခါ နေပြည်တော်ကျည်လုံမှန်ခန်းထဲက စစ် ဗိုလ် ချုပ်တို့ ခေါင်းမီးတောက်ရပြန်သည်။ယခု လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ စီးနင်းတိုက် ခိုက်နေသည်။လွိုင်ကော်သာ ကျသွားခဲ့လျှင် မည်သို့ ရှေ့ဆက်ကြမည်နည်း။ယင်းမှာ စစ်ဗိုလ်ချုပ်တို့ကိုယ်စီ မဖြေဆိုနိုင်သေးသော မေးခွန်းဖြစ်မည်ဟုထင်၏။
၁၀၂၇စစ်ဆင်ရေးမှ စတင်လိုက်သည့်ဂငယ်ကွေ့တွင် စစ်ဗိုလ်ချုပ်တို့ မျက်ဖြူဆိုက်ရသော အပြောင်း အလဲကြီးတစ်ခုမှာ ပြည်သူ့ရင်ခွင် တပ်ရင်းနှင့်ချီ အလင်းဝင်နေမှုနှင့် အလံဖြူထောင် လက်နက်ချစစ်သား များ လာနေခြင်းဖြစ်သည်။
ကိုးကန့် MNDAA၏ နိုဝင်ဘာ၁ရက်နေ့ ထုတ်ပြန်ချက်အရ ကွမ်းလုံမြို့နယ်တောင်ပိုင်း၊ကံမိုင်းဒေသ အခြေစိုက် ခလရ-၁၄၃ က ဒုတပ်ရင်းမှူးနှင့်တပ်ခွဲမှူး၂ဦးအပါအ ဝင် စစ်သားစုစုပေါင်း ၄၁ဦး စခန်းလုံးကျွတ် လက်နက်ချအလင်းဝင်ခြင်းသည် ၁၀၂၇စစ်ဆင်ရေးစတင်ပြီးနောက် အစုလိုက်အပြုံလိုက် ပထမအသုတ်ဖြစ် သည်။
ထို့နောက် နိုဝင်ဘာ၁၂ရက်တွင် ကိုးကန့်အထူးဒေသ(၁)ရှိ ခမရ-၁၂၉ တပ်ရင်းတစ်ရင်းလုံးရော မိသား စုများအားလုံးပါ ပြည်သူ့ရင်ခွင်ဝင်ရောက်လာခြင်း။တပ်ရင်းမှူးဦးဆောင်သော တပ်ဖွဲ့ဝင် ၁၂၆ဦးနှင့် တပ်မိ သားစုဝင် ၁၃၄ ဦး၊စုစုပေါင်း ၂၆၂ဦး။ယင်းသို့ တပ်ရင်းလိုက် အလင်းဝင်လာမှုမှာ စစ်အာဏာရှင်များလက်ထက် တွင် မကြားခဲ့ဖူးသော ဖြစ်ရပ်ဆန်းဖြစ်ပြီး အာဏာရှင်စစ်ဗိုလ်ချုပ်များအတွက် ၎င်းတို့၏အသက်ကို ပေးစရာမ လိုကြောင်း စစ်တပ်တွင်း မောင်းခတ်လိုက်ခြင်းလည်းဖြစ်သည်။
သတင်းစီးဆင်းမှု မြန်ဆန်လွန်းလှသော အင်တာနက်ကမ္ဘာကြီးတွင် မင်းအောင်လှိုင်စစ်တပ်တွင်းသို့ ထိုသတင်းကြီး မရောက်အောင် သေနတ်ဖြင့် ထိုးချိန် ခြိမ်းခြောက်ထား၍မရ။အတည်ပေါက် ဗြောင်ငြင်း ဗြောင်လိမ်ရာတွင် ကျော်ကြားသော စစ်ကောင်စီဝါဒဖြန့်စပီကာများပင် လှည့်ဖျားနိုင်စွမ်းမရှိ။နိုဝင်ဘာ၁၄ရက် နေ့ တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအခြေစိုက် စစ်သား၃၂ဦး လက်နက်ချ အညံ့ခံလိုက်သည့်အခါ စစ်ဗိုလ်ချုပ် တို့ ရင်နာနာဖြင့် ရင်ဘတ်စည်တီးရပြန်တော့သည်။
၁၀၂၇စစ်ဆင်ရေးစတင်ချိန်မှစ၍ အထိနာသည်နှင့် ထွက်ပြေးခြင်း၊အလံဖြူထောင် လက်နက်ချအညံ့ ခံခြင်းနှင့် ပြည်သူ့ရင်ခွင် ဝင်ရောက်ခြင်းတို့ကို များများစိပ်စိပ်တွေ့လာရခြင်းမှာ စစ်တပ်တွင်း အရေးပါသော ရိုက်ခတ်မှုကြီးပင်ဖြစ်သည်။
ခုခံစစ်မှသည် ထိုးစစ်ဆင်ခြင်းဆီသို့ ပြောင်းလဲပစ်လိုက်သော အဟုန်ကို ဆက်လက်မိုင်ကုန်မြှင့်နိုင် လျှင် အလံဖြူထောင်လက်နက်ချခြင်းနှင့် ပြည်သူ့ရင်ခွင်ဝင် စစ်သားတို့ ဆက်လက်များပြားလာမှာသေ ချာသလို ယင်း၂ချက်အပြိုင် ဆက်လက် ချွန်းဖွင့်လာလျှင် အရောင်အသွေးစုံလင်လှသော ဒီမိုကရေစီပန်းခင်း ဆီသို့ အရောက်မြန်မည်မှာလည်း သေချာသည်။
မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်တို့ မျောက်မီးခဲကိုင်ဘဝမှသည် မျောက်သစ်ကိုင်းလွတ်အဖြစ်သို့ သက်ဆင်းတော့မည်ကို ကျွန်ုပ်တို့ စောင့်ကြည့်ရပေဦးတော့မည်။