မန္တလေး စစ်ကြောရေးအတွင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားအချို့ နှင့် ဖမ်းဆီးခံ လူငယ်များသည် လိင်ပိုင်း ဆိုင်ရာ နှိပ်စက် ကျူးလွန်မှုများခံခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်က ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။
ဗကသများ အဖွဲ့ချုပ်အဖွဲ့ဝင် ကျောင်းသား တစ်ဦးလည်းဖြစ် မန္တလေး သပိတ် ခေါင်းဆောင် တစ်ဦးလည်းဖြစ်သူ ကိုမြတ်သူ အပါအဝင် အခြား ဖမ်းဆီးခံရသည့် သမဂ္ဂကျောင်းသားများ နှင့် လူငယ်များသည် စစ်ကြောရေး စခန်းအတွင်း စအိုအတွင်း ဝါးလုံးထိုးထည့်ပြီး၊ နှိပ်စက်ခံရခြင်း နှင့် အခြား လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများပြုလုပ် ခံခဲ့ရကြောင်း ဗကသများအဖွဲ့ချုပ်မှ သိရသည်။
ဗကသများ အဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “ ကိုမြတ်သူဆိုရင် ဖမ်းဆီးခံရတဲ့အချိန်က နှိပ်စက်ခံရတယ်။ အဲ့တာကို (၅) လကျော် လောက်မှ သိရတယ်။ အဲ့ဒီ ဒဏ်ရာတွေက အခုထိ မပျောက်ကင်းသေးဘူးလို့ သိရတယ်” ဟုဆိုသည်။
ကိုမြတ်သူသည် ဇူလိုင်လအတွင်း စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် စစ်ကြောရေးတွင် ယခုကဲ့သို့ နှိပ်စက်ခံခဲ့ရခြင်းဖြစ်သည်။
ကိုမြတ်သူ အပြင် ဗကသများအဖွဲ့ချုပ်၏ အဝေးသင် တာဝန်ခံ ကိုသူရိန်မိုး (ခ)စိုင်းဘန်ခ နှင့် အခြေခံပညာရေး ဝန်ထမ်းများ အထွေထွေ သပိတ်ကော်မတီမှ ကိုစိုးသူရကျော်(ခ)ကဗျာကိုသျှာတို့လည်း ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။
ဗကသများအဖွဲ့ချုပ် အနေဖြင့် ထိုသို့စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ နှိပ်စက်မှုများအတွက် သတင်းထုတ်ပြန်သော အဆင့်တွင် သာရှိပြီး သက်ဆိုင်သည့် နေရာများသို့ အကြောင်းကြားသွားမည်ဟု ဆိုသည်။
“ စစ်အာဏာရှင် လက်ကိုင်တုတ်တွေက ပြည်သူ လူထုအပေါ် ဒီလောက် ရက်စက် ညှင်းပန်း နှိပ်စက်နေတဲ့ဟာမျိုးကတော့ တော်တော် စက်ဆုပ် ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ် လို့မြင်ပါတယ်” ဗကသများအဖွဲ့ချုပ်မှ ပြန်ကြားရေး တာဝန်ရှိသူ ကပြောသည်။
အကြမ်းဖက်စစ်တပ်သည် ၎င်းတို့၏ စစ်ကြောရေး စခန်းများတွင် စစ်ဆေးမှုများ ပြုလုပ်ရာတွင် လူမဆန်အောင်နှိ ပ်စက်ညှင်းဆဲခြင်းများ အပြင် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းများကိုပါ ကျူးလွန်လေ့ရှိသည်။
ထိုသို့ ကျူလွန်ခံရသူများတွင် အမျိုးသား၊ အမျိုးသမီးများ ခွဲခြားမှုများမရှိပဲ တွေ့ကြုံရလေ့ရှိပြီး ၊ LGBTများ နှင့် ဗုဒ္ဓဘာသာ မဟုတ်သည့် ပြည်သူများ ဆိုလျှင် စစ်ကြောရေးစခန်းများတွင် ပိုမိုနှိပ်စက်ခံရကြောင်း သိရသည်။