By Ra Wai / MPA
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အတွင်း ပတ်ဝန်းကျင်ညစ်ညမ်းမှု အန္တရာယ်များသော ကျောက်မီးသွေးစက်ရုံတည်ရန် စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း၏ ပါတနာကုမ္ပဏီက မြေဝယ်ယူမှု ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်၊ကလွီရွာနဲ့ ဒရယ်ရွာကြား ရွာချင်းဆက်လမ်း၏မြောက်ဘက် ဓနိတောဧက ၅၀ခန့်ကို ကျောက်မီးသွေးစက်ရုံတည်ရန် မြေဝယ်ယူမှုပြီးပြီဟု ကျေးရွာမြေတိုင်းနှင့် နီးစပ်သူ များထံက သိရကြောင်း ဒေသခံအချို့က ဆိုသည်။
“အောင်ကြည်သိန်းနဲ့ ပတ်သက်ရာပတ်သက်ကြောင်း ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီပေါင်းပြီး တည်မှာ။အောင်ကြည်သိန်းလမ်းကြောင်းကနေတစ်ဆင့် တင်တာဆိုတော့ ခွင့်ပြုချက်ရပြီးပြီ။ ကျောက်မီးသွေးစက်ရုံဆိုတာ ပတ်ဝန်းကျင်ညစ်ညမ်းမှု တော်တော်ဖြစ်တာ အားလုံးသိကြပါတယ်။ အခုတော့ အောင်ကြည်သိန်းက သူ့အကျိုးစီးပွားအတွက် သူ့ဇာတိမြေ ဘီလူးကျွန်းကို ဒုက္ခပေးဖို့ စပြီ” ဟု ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက MPA သို့ပြောသည်။
ဇွန်၂၅ရက်တွင် မော်လမြိုင်သို့ ရောက်ရှိလာသော မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးနှင့် တွေ့ ဆုံစဉ် ချောင်းဆုံ၌ ကျောက်မီးသွေးစက်ရုံတည်ရန် ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်းနှင့် ယင်းစက်ရုံ တည်ရန် တရုတ်ကုမ္ပဏီနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အောင်ကြည်သိန်းက ပြောကြား ခဲ့သည်ဟု ၎င်း၏ ဖေ့ ဘွတ်ခ်စာမျက်နှာ၌ ဖော်ပြထားသည်။
“အခု အဲဒီမြေကို ရှင်းဖို့ မက်ခို (ဘက်ဟိုး) နဲ့ ဆီဘောက်ဆာကားတွေ ရောက်နေပြီ။မုဒုံမောင်မောင်ကု မ္ပဏီပိုင် စက်ယန္တရားတွေ” ဟု ကလွီရွာသားတစ်ဦးကပြောသည်။
မြေနေရာရွေးချယ်ခြင်းကို အောင်ကြည်သိန်း၏တပည့်များဖြစ်သော ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေး မှူး ဇော်နိုင်ဝင်း၊ ချောင်းဆုံမြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဌနှင့် ချောင်းဆုံမြို့နယ်စီမံကောင်စီအဖွဲ့ဝင် မျိုးဝင်းနှင့် ချောင်းဆုံ စရဖ(စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ဖြိုးမင်းထွန်းတို့က ဦးဆောင်လုပ်ကိုင်ပေးခဲ့ကြောင်း ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
“သဘာဝပတ်ဝန်းကျင် အန္တရာယ်များတဲ့ ကျောက်မီးသွေးစက်ရုံကိုဘီလူးကျွန်းမှာတည်ဆောက်ကာ ဘီလူးကျွန်းရဲ့သဘာဝပတ်ဝန်းကျင်နဲ့ လူသားမျိုးဆက်တို့ကို အောင်ကြည်သိန်းမိသားစုအကျိုးစီးပွား အတွက် ချနင်းဖျက်ဆီးလိုက်တာ” ဟု ဒရယ်ရွာသားတစ်ဦးက မှတ်ချက်ပြုသည်။
အောင်ကြည်သိန်း၏ ဇာတိရွာဖြစ်သော ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာနှင့် ကျောက်မီးသွေးစက်ရုံ တည်မည့်နေရာကို အဖြောင့်အတိုင်း တိုင်းပါက သုံးမိုင်ခွဲသာ ဝေးသည်။
ယင်းကျောက်မီးသွေးစက်ရုံသည် စစ်ကောင်စီပြုတ်ကျသည်နှင့်တစ်ပြိုင်နက် အောင်ကြည်သိန်းနှင့် အတူ အလိုလိုပွဲပြီးသွားမည်ဟုလည်း ချောင်းဆုံအုပ်ချုပ်ရေးဝန်ထမ်းက ဆိုသည်။